အကျဉ်းသား သုံးထောင်ကျော် မြန်မာ့နှစ်သစ်ကူးလွတ်ငြိမ်းခွင့် စစ်ကောင်စီပေး၊ နိုင်/ကျဉ်း ပါဝင်မှု အလွန်နည်းပါးနိုင်ဟု PPNM ဆို

Author မင်းထက်
Categories
Published on Apr 17, 2024

စစ်ကောင်စီက ယနေ့ကျရောက်သော မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃၃၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၂၈ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

 

အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးတို့ကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ကြေညာချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။

 

သို့သော် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဟူသည့် ခံဝန်ချက်ဖြင့် အကျဉ်းသား/သူများကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းဖြစ်စဉ်နှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆,၅၂၄ ဦးရှိပြီး ထိုအထဲမှ ၂၀,၃၅၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း၊ ပြန်လည်လွတ်မြောက်လာသူ ၆၁၇၃ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

 

စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်များအရ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း ယခုအကြိမ်အပါအဝင် လွတ်ငြိမ်းခွင့် ၁၅ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား စုစုပေါင်း ၉၅,ဝ၀ဝ ကို ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။

 

ထို့ပြင် ယခုနှစ် မြန်မာ့နှစ်သစ်ကူးလွတ်ငြိမ်းခွင့်တွင် အခြားအကြိမ်များနည်းတူ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်လာနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက သုံးသပ်ပြောဆိုသည်။

 

“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်သော်လည်းကောင်း၊ နိုင်ငံရေး ဖိအားသော်လည်းကောင်း ဒီလိုအခြေအနေတွေမှာ လွှတ်ပေးဖို့ ပြန်ပေးဆွဲထားတဲ့အခြေအနေပေါ့နော်။ နိုင်ငံရေးအကျဉ်းသား/သူတွေက ပြန်ပေးဆွဲခံထားရတာဖြစ်တယ်။ သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်မရဘူးဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရိုးထုံးစံမရှိဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

 

ထို့ကြောင့် ယခုလွတ်ငြိမ်းတွင်လည်း နိုင်ငံရေးအကျဉ်းသားများ တစ်နည်းအားဖြင့် တော်လှန်ရေးသမားများကို လျှော့ရက်အတွင်းတွင်ပင် မထည့်သွင်းရန် ပြင်ဆင်ထားပြီးမှ ထုတ်ပြန်ခြင်းဖြစ်သည်ဟု နိုင်/ကျဉ်းများကို လိုက်လံအကူအညီပေးနေသူက ပြောသည်။

 

“အဲဒီတော့ လက်နက်ပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့သူတွေဆို အကျိုးခံစားခွင့်၊ လျှော့ရက်ခံစားခွင့်တောင် မပေးဘူးဆိုတဲ့ရှုထောင့်က ယူထားတဲ့အတွက် ဒီတစ်ခေါက် နိုင်ငံရေးအကျဉ်းသားပါဝင်မှုနှုန်းက အင်မတန်နည်းပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

 

ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့က အကျဉ်းသား/သူ ၉၆၀ဝ ကျော် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၄၀ဝ ဝန်းကျင်ခန့်သာရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခု နှစ်ဆန်းတစ်ရက် ၃၀ဝ၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်လည်း နိုင်ငံရေးအကျဉ်းသားပါဝင်မှု အင်မတန်နည်းနိုင်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သူများကို နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲထောင်ချခြင်း၊ လက်နက်ကိုင်တော်လှန်ရေးကာလများတွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတစ်ခုခုဖြင့် တရားစွဲအရေးယူမှုများပြားလာခဲ့သည်။

 

ယခုအခါ အကျဉ်းထောင်များတွင် စစ်ကောင်စီရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမိန့်ချခံထားရသူ တဖြည်းဖြည်းနည်းပါးလာခြင်းကြောင့် မြန်မာ့နှစ်သစ်ကူးလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါးနိုင်ကြောင်းနှင့် အချို့သောထောင်များ၌ လွတ်ငြိမ်းခွင့်ခံစားရမှုတွင် နိုင်ကျဉ်းများပါဝင်မှုမရှိသည်ကိုကြားသိရကြောင်း ကိုသိုက်ထွန်းဦးက ​ပြောသည်။

 

ပုံစာ – ယမန်နှစ် လွတ်လပ်ရေးနေ့က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရခဲ့သူများကိုတွေ့ရစဉ်(ပုံဟောင်း)