BGF ဗိုလ်မှူးစောဘီလူးရဲ့ မွေးနေ့အဖြစ် ဘောပွဲအကြောင်းပြကာ လောင်းကစားပွဲတွေ လုပ်ဆောင်နေ

Author CJ Platform
Categories
Published on Nov 14, 2025

ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံအခြေစိုက် ကရင် နယ်ခြားစောင့်တပ် BGF (၁၀၂၁) တပ်ရင်း တပ်ရင်းမှူး စောဘီလူးရဲ့ (၅၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲလို့ အကြောင်းပြပြီး မွန်ပြည် ကျိုက္ကမရောမြို့နဲ့ ကရင်ပြည် ကျုံဒိုးမြို့နယ်အစပ် ဖာသိမ်ကျေးရွာက နှစ်သစ်ကူးကွင်းမှာ လောင်းကစားပွဲတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာ ၂၈ရက်နေ့က စတင်ခဲ့တဲ့ ဘောလုံးပြိုင်ပွဲဟာ ဒီကနေ့ နိုင်ဝင်ဘာ ၁၄ရက်နေ့ထိ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဘောလုံးပြိုင်ပွဲထက် အံဂလုံ လောင်းကစားဝိုင်းတွေကို အဓိက လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အားကစားပြောပြီးတော့ လောင်းကစားတွေနဲ့ လူထုကို ဒုက္ခပေးနေတာ အံဂလုံဝိုင်းတွေတင် ၂၀ကျော်တယ်၊ ငါးပစ်ဂိမ်းတွေလဲ ရှိတယ်၊ BGF တပ်သားတွေက လုံခြုံရေးယူပေးထားတယ်၊ နေ့ရော ညရော အဆက်မပြတ်လုပ်နေတာ”လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

အဲဒီလောင်းကစားဝိုင်းတွေကနေ ရတဲ့ အကောက်ငွေတွေကို ဗိုလ်မှူးစောဘီလူးက ရယူနေပြီး ဘောလုံးပြိုင်ပွဲမှာ ပထမဆု သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀နဲ့ တတိယဆု ၁၀ သိန်းကျပ်ကို ပေးသွားမယ်လို့လည်း ကြော်ငြာထားပါတယ်။

ဘောလုံးပြိုင်တွေကို အနီးကျေးရွာက ဘောလုံးအသင်းတွေအပြင် ကြေးစားဘောလုံးအသင်းတွေပါ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အမျိုးသမီးသီးသန့် ဘောလုံးပြိုင်ပွဲကိုပါ ထည့်သွင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ဘသစ်

ပုံစာ – ဗိုလ်မှူးစောဘီလူးဦးစီးနေတဲ့ ဘောလုံးပြိုင်ပွဲအနီးရှိ လောင်းကစားဝိုင်းများကို မြင်ရပုံ

 

 

Related News

Depend on news