BBC သတင်းဌာနမှ သတင်းထောက် မထက်ထက်ခိုင်အား စစ်ကောင်စီမှ ထောင် ၃ နှစ်ထပ်မံ အမိန့်ချ

Author အောင်နိုင်သူ
Categories
Published on Sep 27, 2022

BBC သတင်းဌာနမှ သတင်းထောက်မထက်ထက်ခိုင်ကို ယနေ့ မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်အထူးတရားရုံးက ပုဒ်မ ၁၇ (၁)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းက သိရသည်။
မထက်ထက်ခိုင်ကို မင်္ဂလာတောင်ညွန်မြို့နယ်မှ တရားစွဲဆိုထားသည့် မတရားအသင်းဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တာဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။
“အရင်က သုံးနှစ်ချပြီးတော့ အခုနဲ့ဆို စုစုပေါင်းခြောက်နှစ်ပေါ့ ချုပ်ရက်တွေကတော့ ထုတ်နှုတ်ခံစားခွင်ပြုပါတယ်”ဟု ရှင်းပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ်တရားရုံးမှ ပုဒ်မ၅၀၅(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့တာလည်း ရှိသည်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း BBC သတင်းဌာနမှ မထက်ထက်ခိုင်နှင့် သတင်းစာဆရာစည်သူအောင်မြင့် တို့ကို ဖမ်းဆီးခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်းသတင်းသမား တစ်ရာကျော်ဖမ်းဆီးခဲ့ခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူတွေလည်း ရှိသည်။