ရှားတောရွာမှာ ပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီးတော့ PDFတွေလို့ စွပ်စွဲလိုက်တဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Apr 09, 2024

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ရှားတောကျေးရွာမှာ စစ်ကောင်စီတပ်က ဧပြီ ၆ ရက်၊ ညနေ ၄ နာရီခန့်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် ကျေးရွာအတွင်းမှာ နေထိုင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို လက်ဦးမှုရယူပြီး ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီလော်ဘီ တယ်လီချန်နယ် တစ်ခုဖြစ်တဲ့ Myanmar Hard Talk ကနေ လုပ်ကြံသတင်းတစ်ပုဒ်ကို ရေးသားဖြန့်ဝေလာပါတယ်။

 

ဧပြီ ၇ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်မှ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဧပြီ ၁၀ရက်နေ့ မနက် ၁၁နာရီခွဲအချိန်မှာတော့ Like & React ၁၀၀ ကျော် ၊ မှတ်ချက် ခြောက်ခု ၊ကြည့်ရှု့သူ ၉၀၀၀ ကျော်ထိ ရှိနေတာကို တွေ့ရသည်။

 

ကြည့်ရှုရန် – https://archive.ph/gCk7n

 

ဒီအကြောင်းရာတွေနဲ့ ပတ်သက်ပြီးတော့ CJ Platform ကနေ စိစစ်စုံစမ်းခဲ့ရာမှာတော့ သတ်ဖြတ်ခံရသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ ဒေသခံတွေသာ ဖြစ်တယ်လို့ သိရပါတယ်။

 

“၅ ရက်နေ့ ရွှေဘိုမှ ရွှေဘိုမြို့နယ် တောင်တင်းရွာကို စစ်ကြောင်းထိုးပီး ၆ ရက်နေ့မှ ရှားတောရွာကို ၀င်စီးတာပါဗျ ။ လက်နက်ကြီးများနဲ့ အရင်ပစ်ပီး လက်နက်ငယ်များ ရမ်းသမ်ပစ်ခတ်ကာ ၀င်ရောက်တိုက်ခိုက်တာပါ။ ကျွန်တော်တို့နဲ့ အရမ်းနီးတော့ ကြားနေရပါတယ်။  ကျွန်တော်က ကင်းတာ၀န်ကျနေခဲ့တာပါ ။ ကျေးရွာနေ ပြည်သူ ငါးဦးဖြစ်တဲ့ ဦးဝင်းခင် ၊ ဦးအုန်းမောင် ၊ ဦးနောင်နောင်ထွန်း၊ ဒေါ်ညွန့်ရင်နှင့် ဦးစိုးအောင် တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်”လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။

 

ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ရှားတောရွာကို ဧပြီလ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ အင်အားငါးဆယ်ခန့်ပါ စစ်ကြောင်းဝင်ရောက်စီးနင်းပြီး ဒေသခံ ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက်ငါးဆယ်ကနေ ရှစ်ဆယ်အကြား  သက်ကြီးရွယ်အိုပဲ ဖြစ်နေတာလို့ ဖော်ပြထားပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရှုရန် – RFA https://archive.ph/LnGaU

 

Khit Thit Media – https://archive.ph/sQX6A

 

ဒီလုပ်ကြံသတင်းကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့ နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားကတော့ တကယ်အစစ်မှန်သတင်းအရင်းအမြစ်ရဲ့ အမည်ကို အယောင်ဆောင် ယူသုံးထားတာဖြစ်ပြီး အယောင်ဆောင်တင်ဆက်ချက် (Imposter Content) ဖြစ်နေတာ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

 

 

Related News

Depend on news