“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 07, 2024

“95 ဈေးအကျနဲ့ တည်ငြိမ်နေတဲ့ စက်သုံးဆီဈေးများ”

 

ဒီတစ်ပတ်ရဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဓာတ်ဆီ အမျိုးအစားဖြစ်တဲ့ 95 တစ်မျိုးတည်းသာ ဈေးနှုန်းအနည်းငယ် ပြန်ကျခဲ့ပြီး ကျန် စက်သုံးဆီအမျိုးအစားများကတော့ ပြောင်းလဲခြင်းမရှိ တည်ငြိမ်နေခဲ့တာကို မြင်တွေ့ရမှာပါ။

 

ဈေးကွက်ပညာရှင်များကတော့ ဒါဟာ စစ်ကောင်စီလက်ထက် တက်နှုန်းကြမ်းနေတဲ့ ရွှေဈေးတွေနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းတွေကြောင့် စက်သုံးဆီကိုတော့ ဈေးနှုန်း မကစားဘဲ ချန်လှပ်ထားတာ ဖြစ်တယ်လို့ ရေးသားဖော်ပြမှုတွေ ရှိနေပါတယ်။

 

စက်သုံးဆီဈေးနှုန်းများသာ ရွှေဈေးနဲ့ နိုင်ငံခြားငွေကြေးတွေနည်းတူ ဈေးမြင့်တက်ခဲ့ရင် နောက်ဆက်တွဲ ကုန်ဈေးနှုန်းတွေ ၊ သယ်ယူပို့ဆောင်ခတွေနဲ့ တခြားသော မြင့်တက်လာမှာတွေ ရှိတာကြောင့် ပြည်တွင်းတည်ငြိမ်မှု ကမောက်ကမ မဖြစ်စေရေး လုပ်ငန်းရှင်ကြီးများနှင့် စစ်ကောင်စီတို့ ညိနှိုင်း ထိန်းညှိထားတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဈေးကွက်ကျွမ်းကျင် ပညာရှင် တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီတစ်ပတ် စက်သုံးဆီဈေးကွက် အတွင်းမှာတော့ 95အောက်တိန်း တစ်လီတာ တစ်မျိုးတည်းသာ အရင်အပတ်ကထက် ၁၀ ကျပ်ဈေးကျခဲ့ပါတယ်။

 

ဧပြီလ ပထမအပတ် စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၂၄၄၅ ကျပ် နဲ့ ဓာတ်ဆီ အမျိုးအစားများအဖြစ် 92 အောက်တိန်း တစ်လီတာ ၂၉၉၅ ကျပ်၊ 95 အောက်တိန်း တစ်လီတာ ၂၉၀၅ ကျပ် ဈေးရှိခဲ့ပါတယ်။