တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုတွင် ဖိလစ်ပိုင်ကယ်ဆယ်ရေးသမားငါးဦး သေဆုံး

Author ဇိမ်း
Categories
Published on Sep 26, 2022

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနိုရူ ဝင်ရောက်တိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးသမား ငါးဦး သေဆုံးခဲ့ကြောင်း Aljazeera သတင်းဌာနက ဖော်ပြထားသည်။

ယခုနှစ်အတွင်း ဝင်ရောက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းများသည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသသို့ အဝင်များခဲ့ပြီး ယင်းဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။

သို့သော်လည်း မြို့တော်မနီလာအနေဖြင့် ထိခိုက်မှုကြီးကြီးမားမားမဖြစ်ခဲ့ဘဲ မုန်တိုင်းဒဏ်မှ သက်သာရာရခဲ့သည်ဟုဆိုသည်။

တိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၂၄၀ အထိ တိုက်ခတ်ခဲ့ပြီး နိုင်ငံလူဦးရေ သန်း ၁၁၀ ၏ ထက်ဝက်ကျော် နေထိုင်သည့် လူဇွန်ဒေသတွင် လေပြင်းများ တိုက်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ယခုကဲ့သို့ ထိခိုက်သေဆုံးမှု နည်းခဲ့ခြင်းသည် ကြိုတင်ပြင်ဆင်မှု ကောင်းခဲ့၍ ဖြစ်သည်ဟု အသိပေးထားသည်။

လက်ရှိတွင် ထောင်နှင့်ချီသော လူများကို အရေးပေါ်ကယ်ဆယ်ရေးစခန်းများကို ပို့ဆောင်ထားနိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက အသိပေးထားသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် လတ်တလော လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးပြတ်တောက်မှုများ ရှိနေသေးပြီး အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ယင်းသို့ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေစဉ်အတွင်း ကယ်ဆယ်ရေးသမား ငါးဦးမှာ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ကနဦးသိရှိရသော်လည်း နောက်ထပ် ထိခိုက်သေဆုံးမှုများကို နိုင်ငံ၏ အာဏာပိုင်များက အသိပေးထားခြင်းမရှိသေးပေ။

သေဆုံးသွားသည့် ကယ်ဆယ်ရေးသမားများကို ဖိလစ်ပိုင်သမ္မတက သူရဲကောင်းများအဖြစ်သတ်မှတ်ခဲ့ပြီး အသက်ရှင်နေသေးသည့် သူရဲကောင်းများဖြစ်သည်ဟု အသိပေးခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းနိုရူသည် မြို့တော်နှင့် မြောက်ပိုင်း ပြည်နယ်များသို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကုန်းတွင်းပိုင်းထိ ဝင်ရောက်ခဲ့ပြီး မုန်တိုင်းရိုက်ခတ်မှုကြောင့် ဧရိယာ အများအပြား ရေလွှမ်းမိုးလျက်ရှိနေသည်။