ကျောင်းသားတပ်မတော်(ABSDF)တွင် မွမ်းမံသင်တန်းပို့ချ

Author နန္ဒာ
Categories
Published on Sep 25, 2022

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းတွင် ကျောင်းသားတပ်မတော်(ABSDF)မှ အချိန်ကာလအားဖြင့် ၃ပတ်ကြာမြင့်မည့် မွမ်းမံသင်တန်းအား စက်တင် ဘာလ ၈ရက်နေ့မှစတင်ကာ ပြုလုပ်နေကြာင်းသိရသည်။

စစ်သင်တန်းတက်ရောက်ပြီးစီးသွားသည့် ရဲဘော်၊ရဲမေများအား တိုက်ပွဲလေ့ကျင့်မှု ပိုမိုများပြားစေရန်မွမ်းမံသင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘယ်ပညာရပ်မဆို လေ့လာလို့ ကုန်သွားတယ်ဆိုတာမရှိပါဘူး၊ ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေ အမြဲ သတိဝရိယရှိအောင် လေ့ကျင့်တဲ့သဘော၊ နောက်တချက်က ကျွန်တော်တို့ ကျောင်းသားဘဝမှာ စာမေးပွဲဖြေဖို့ စာကျက်ရသလိုပါဘဲ၊ အဲ့ဒီသဘောအတိုင်း လုပ်တာဖြစ်ပါတယ်။”ဟု မ.က.ဒ.တ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင် မှပြောကြားထားသည်။

ကျောင်းသားတပ်မတော်(ABSDF)မှ နွေဦးတော်လှန်ရေးကာလအတွင်း တပ်မှူးငယ်သင်တန်းနှင့် ရက်တိုလေ့ကျင့်ရေး သင်တန်းအပတ်စဉ်၁၀ထိ ဖွင့်လှစ်ပြီးစီးထားကြောင်းလည်း သိရသည်။

” သင်တန်းတက်ရောက်ပြီးစီးထားတဲ့ ရဲဘော်တွေပါဘဲ။ နောက်ထပ်လိုအပ်တဲ့သင်ခန်းစာလေးတွေထပ်ပို့ချရုံပါ။ ပြည့်ဝတယ်ဆိုတာမှမရှိတာဗျာ။ အမြဲလေ့ကျင့်နေလေပိုကောင်းလေပါဘဲ” ဟု သင်တန်းပို့ချပေးနေသည့် ဆရာတစ်ဦးမှ ပြောကြားထားသည်။

ကျောင်းသားတပ်မတော် ABSDFသည် ၈၈အရေးတော်ကာလမှ စတင်ကာ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။