အငြိမ်းစားစစ်ခေါင်းဆောင်များ နေအိမ်ပြင်ပမထွက်ရန် မင်းအောင်လှိုင်မှ လျှို့ဝှက်ညွှန်ကြားထား

Author အောင်နိူင်သူ
Categories
Published on Sep 25, 2022

စစ်ကောင်စီခေါင်းဆောင်များ၏ ဆရာဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီက အငြိမ်းစားစစ်ခေါင်းဆောင်များ နေအိမ်မှ ပြင်ပသို့ မထွက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က
ယမန်နေ့ညက လျှို့ဝှက်ညွှန်ကြားခဲ့သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

လှိုင်မြို့နယ်၊(၁၂) ရပ်ကွက်၊ သဘာဝရိပ်ငြိမ်လမ်းတွင် ယမန်နေ့ နေ့လည် သုံးနာရီက အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇာ တို့နှစ်ဦး ပစ်သတ်ခံရပြီးနောက် အသိပေးစာထွက်လာသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျွန်တော်ကြားတာတော့ ညက ဗိုလ်ချုပ်ဟောင်း အတော်များများဆီ စာရောက်တယ် မေတ္တာရပ်ခံတာပေါ့ အပြင်မထွက်နဲ့ပေါ့ အရမ်းအရေးကြီးရင် အကြောင်းကြားလုံခြုံရေးပေးမယ်ပေါ့ သာမန်ကိစွဆို အလုပ်သမားတွေကို သွားခိုင်းပေါ့စာမှာတော့ အဲ့လိုပါတယ် လျှို့ဝှက်ညွှန်ကြားတာပါ”ဟု CJ Platform ကိုပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ အငြိမ်းစားယူတာချင်းအတူတူ စစ်ဗိုလ်ချုပ်၊ဗိုလ်မှူးကြီး အဆင့်များကို စာပေးပို့ခဲ့တာဖြစ်ပြီး အခြားအဆင့်များကို ပေးပို့တာမရှိကြောင်း အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

“စာထွက်တာတော့ ကြားတယ် ဟုတ်မဟုတ်တော့ မသိဘူး၊ မနေ့က ဖြစ်စဥ်အရ ပြောရရင် စာကတော့ထွက်မှာ စစ်တပ်ရဲ့ အနေအထားဆို တိုင်မှူး အဆင့်အသတ်ခံရတာလေ စာကတော့ထုတ်မှာပဲ ရဲဘော်တွေ ကျွန်တော်တို့လို အခြားအဆင့်တွေတော့ ဘယ်ပါမလဲ”ဟု CJ Platform ကိုပြောသည်။
လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများကို အကြမ်းဖက်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ညမထွက်ရအမိန့်အမျိုးမျိုးထုတ်ပြန်ကာ ကြောက်လန့်နေပြီး ၎င်းတို့ကိုယ်တိုင်ပါ နေအိမ်ပြင်ပ တပ်ပြင်ပသို့ ထွက်ခွာရမည်ကို ကြောက်ရွံ့နေလျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်ခတ်ခဲ့သည့် ဗိုလ်ချုပ်အုန်းသွင်နှင့် ဗိုလ်ကြီးရဲတေဇ ကိစ္စနှင့်ပါတ်သတ်ပြီး လှိုင်မြို့နယ်မှ လုံခြုံရေးတာဝန်ယူထားသူများနှင့် အုပ်ချုပ်ရေးအဖွဲ့အပါအဝင် SP၊စစစ၊စရဖ စသည့်အဖွဲ့ များ စစ်ကောင်စီထံ ထုချေဖြေရှင်းလွှာပေးပို့နေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။