လာမည့် အောက်တိုဘာလအတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု သတင်းများထွက်ပေါ်

Author အောင်နိူင်သူ
Categories
Published on Sep 24, 2022

လာမည့် အောက်တိုဘာလအတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု သတင်းများထွက်ပေါ်နေကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

အကျဥ်းထောင်အသီးသီးရှိ အမှုကြီးမဟုတ်သည့် အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် သတင်းများကို ကြားနေရသည်ဟု တရားလွှတ်တော်ရှေနေတစ်ဦးက ပြောသည်။

“တချို့ ကျန်းမာရေးမကောင်းတဲ့ သူတွေ လွတ်ငြိမ်းမှာပါတယ်ဆိုပြီး နာမည်တွေနဲ့ ပြောနေတာလည်းရှိတယ် အမှုကြီးမဟုတ်တဲ့၊ အကြမ်းဖက်ဥပဒေနဲ့ မဟုတ်တဲ့သူတွေလည်း လွတ်နိုင်တယ်လို့ ကြားနေတယ် ဒီသတင်းက အကျဥ်းဦးစီးလောကမှာ ပြန့်နေတာ”ဟု CJ Platform ကိုပြောသည်။

စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဲခူးတိုင်းရှိ အကျဉ်းထောင်အချို့ကို လာရောက်ခဲ့ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်သတင်းများ ပိုမိုထွက်လာခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်တစ်ဦးက ပြောသည်။

“ရက်ပိုင်းလောက်ပဲရှိသေးတယ်၊ စက်တင်ဘာ ၁၇ ၊ ၁၈ မှာ စိုးထွဋ် ပဲခူးတိုင်းက ထောင်တွေဝင်စစ်သွားတာ၊ ဒိုက်ဦးတို့ ပဲခူးတို့ပါတယ်။ သူဝင်စစ်ပြီးနောက်ပိုင်းပဲ သတင်းတွေထွက်လာတယ်။ ဒီသတင်းကျွတ်မှာ လွတ်ငြိမ်းရှိတယ်လို့ကြားနေတာ”ဟု CJ Platformကိုပြောသည်။

ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရသည့် အကျဥ်းသားတစ်ဦး လာမည့်လွတ်ငြိမ်းချမ်းသာခွင့်တွင်
ပါလာနိူင်သည်ဟု ရှေ့နေကဖုန်ဆက်ကြောင်း အဆိုပါ နိုင်ငံရေးအကျဉ်းသား၏ မိခင်ဖြစ်သူက ပြောသည်။

“ရှေ့နေက ဆက်တယ်။ သားက ခြေထောက်ကျိုးနေတာ၊ ထောင်ထဲမှာ ဆေးဝါးလည်း မပြည့်စုံနဲ့ဆိုတော့ အသနားခံစာတင်ထားတာ၊ အခုလွတ်ငြိမ်းမှာ ပါလာနိုင်တယ်တဲ့ ပြင်ဆင်ထားအုံးတဲ့ ကျွန်မတို့က မျှော်လင့်တာပေါ့နော်၊ ပြန်လွတ်လာရင် အကောင်းဆုံးပေါ့”ဟု ပုဒ်မ ၅၀၅ ဖြင့်အကျဥ်းကျနေ၏ မိခင်က CJ Platformကို ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်းက အကျဉ်းထောင်အသီးသီးက အကျဉ်းသားစုစုပေါင်း ၁၅၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဆိုပါလွတ်ငြိမ်းထဲတွင် နိုင်ငံရေးမှုဖြင့်ပြစ်ဒဏ်ချခံထားရသူများ အနည်းငယ်သာပါဝင်ခဲ့၍ အများစုမှာ ရာဇဝတ်မှုတွေဖြင့် အကျဉ်းကျနေသူတွေသာဖြစ်သည်။