စစ်ကောင်စီကောင်းကြောင်း ရေးတင်ပြီး ပါတီကို သိက္ခာချသည်ဟုဆိုကာ လော်ဘီသဇင်ဦးကို ကြံ့ဖွံ့ပါတီက တရားစွဲ

Author အောင်နိူင်သူ
Categories
Published on Sep 23, 2022

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်တပ်ကောင်းကြောင်းများကို ရေးတင်ပြီး ကြံဖွံပါတီကို သိက္ခာချနေသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီ သဇင်ဦးကို ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တစ်ဦးမှ နေပြည်တော်တွင် တရားစွဲဆိုထားကြောင်း ကြံ့ဖွံ့ပါတီဝင်များထံမှ သိရသည်။

တပ်လော်ဘီ သဇင်ဦးသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကြံ့ဖွံ့ပါတီ၏ အတွင်းရေးများကို ပါတီသိက္ခာကျစေရန် အစဉ်တစိုက်ရေးသားနေခြင်းကြောင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု ကြံ့ဖွံ့ပါတီဝင်တစ်ဦးက ပြောသည်။

“သူက ပြည်ခိုင်ဖြိုးပါတီမှာ အရင်က တွဲဖက်မီဒီယာတာဝန်ခံ လူမှုရေးပြသာနာကြောင့် သူ့ကိုထုတ်လိုက်တာ ပါတီကလည်းထုတ်ထားတယ် သူက စစ်တပ်မှာ တပ်ကြပ်ကြီး တာဝန်ထမ်းဆောင်နေတယ်လို့လည်း အသံကြားတယ် အဲ့ဒါထက် ပါတီကို သိက္ခာချလို့ သူကို တရားစွဲတာ”ဟု CJ Platform ကိုပြောသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံ Myanmar Hard Talk သတင်းဌာနနှင့် သူရိယနေဝန်းသတင်းဌာနများတွင် သတင်းထောက်အဖြစ် လုပ်ကိုင်နေရင်း စစ်ကောင်စီနှင့် ပူးပေါင်းကာဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် ပါတီက ထုတ်လိုက်သည်ဟု အမည်မဖော်လိုသူပါတီမှ တာဝန်ရှိသူတစ်ဦးကလည်း ထပ်မံပြောကြားသည်။

“သူက ကျောက်ဆည်မသွားရဲဘူး အဲ့မှာသတ်မဲ့သူတွေများလို့ နေပြည်တော်က ပါတီဌာနချုပ်မှာ ထားတာ မိသားစုအလိုက် တစ်လတစ်သိန်းပါတီက ထောက်ပံ့တယ် အဲ့လိုထားနေရင်း အိမ်ထောင်သည်တစ်ဦးနဲ့ လူမှုရေးဖောက်ပြန်တယ် အာ့ကြောင့်သူ့ကို နှင်ထုတ်လိုက်တာ”ဟု CJ Platform ကိုပြောသည်။

ကြံ့ဖွံ့ပါတီမှ သဇင်ဦးကို ၂၀၂၃ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးနိူင်ရန် ၂၀၂၁ နှစ်လယ်ပိုင်းမှစတင်၍ လိုအပ်သည့် ပံပိုးမှုများပေးခဲ့သော်လည်း စစ်ကောင်စီအတွက် လော်ဘီလုပ်ပေးနေ၍ ယခုလို တရားစွဲဆိုတာ ဖြစ်နိူင်သည်ဟု အမျိုးသားရေးသမားတစ်ဦးက ပြောသည်။

“သဇင်ဦးကလည်း အရင်က ထမင်းသုတ်ရောင်းနေတုန်းက ဘဝကိုမေ့ပြီး အခုဆိုပါတီအကြီးအကဲတွေရဲ့ ကိစ္စတွေပါ ဝင်ရှုပ်လာတယ် သူသတင်းပေးလို့ ဖမ်းခံရတဲ့သူတွေရှိသလို သူ့ကြောင့် အသတ်ခံလိုက်ရတဲ့ ပါတီဝင်တွေရှိတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်တပ်လော်ဘီသဇင်ဦးကို ဒက္ခိဏမြို့မရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ) ဖြင့် ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင်တစ်ဦးက အမှုဖွင့်ထားသည်ဟု ပါတီဝင်များထံမှ သိရသည်။