စစ်ရှုံးဒေသများသို့ တာဝန်ထမ်းဆောင်ရန် တပ်ရင်းမှူးများအား ဒုဗိုလ်မှူးကြီးအဆင့် တိုးပေး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ပေးထားသည့် ရဲမှူးကြီးများကို ဝန်ကြီးအဖြစ်မှ ဖယ်ရှားကာ ရဲတပ်ဖွဲ့သို့ ပြန်ပို့

Author လင်းနွေဦး
Categories
Published on Mar 04, 2024

စစ်ကောင်စီသည် တပ်ရင်းမှူးအဆင့် အရာရှိ (၁၁) ဦးကို ဒုတိယဗိုလ်မှူးကြီး (G1) အဆင့်တိုးမြှင့်ပေးပြီးနောက် စစ်ရှုံးနေသည့် ရခိုင်ပြည်ဒေသ အနှံ့အပြားနှင့် အခြားသော တိုင်းရင်းသားနယ်မြေများ သို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်နေသလို အရပ်ဘက် အုပ်ချုပ်ရေး တာဝန်အဖြစ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာ ပေးထားသော ရဲမှူးကြီးများကိုလည်း ရာထူးမှ ရုပ်သိမ်းကာ ရဲတပ်ဖွဲ့သို့ပြန်သွားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

“တပ်ရင်းမှူးတွေကို G1(ဒုတိယ ဗိုလ်မှူးကြီးအဆင့်)တိုးပေးတယ်။ ဥစတ(စစ်ဦးစီးတက္ကသိုလ်)တောင် မပြီးသေးတဲ့ဟာတွေ။ စစ်ရှုံးနေတော့ လူမရှိတော့ အဆင့်တွေကျော်တိုးပြီး သူများမသွားချင်တဲ့ နေရာတွေကို ပို့ပစ်နေတာ”ဟု ယင်းတပ်တွင်း သတင်းရင်းမြစ်မှ ဆိုသည်။

 

မြန်မာ့တပ်မတော် အစဉ်အလာအရ တပ်ရင်းမှူးအဆင့်မှ ဒုတိယဗိုလ်မှူး (G1 ခေါ် စစ်ဦးစီးမှူး ပထမတန်း) ဖြစ်လိုပါက ရှမ်းပြည်တောင်ပိုင်း ကလောမြို့တွင် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ထားသော စစ်ဦးစီးတက္ကသိုလ်( အရပ်အခေါ် ဥစတ)တွင် စစ်မြေပြင်ကွပ်ကဲမှု နှင့် ဦးစီးတာဝန်များထမ်းဆောင်ရန် သင်တန်းကာလ အားဖြင့် ၁၁ လကြာ တက်ရောက်ရမည်ဖြစ်သည်။

 

ထို့အတူ အခြေခံ အုပ်ချုပ်ရေး ယန္တရား အတွက် တာဝန်ထမ်းဆောင်မည့် အကြီးတန်း ရဲအရာရှိအင်အား လျော့နည်းလာမှု အပေါ်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ၎င်းတို့ ခန့်အပ်ထားသည့် တိုင်းရဲမှူးများကို ဝန်ကြီးအဖြစ်မှ ရုပ်သိမ်းကာ ရဲလုပ်ငန်းစဉ်များကိုသာ ပြန်လည် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

 

“ရဲမင်းကြီးတွေက ဝန်ကြီးလုပ်နေတော့ ရဲတပ်ဖွဲ့ထဲမှာ အလုပ်ကောင်းကောင်း မလုပ်တော့ဘူးဆိုပြီး သူ့လူတွေကို အစားထိုးခန့်ဖို့ ရဲတွေကို ရဲနေရာ ပြန်ပို့ပြန်တာ။ သူတို့အထဲမှာလည်း ရာထူးနေရာတွေ တော်တော် အပြောင်းအလဲဖြစ်နေတာ။ ပြောလို့တောင်မတတ်တော့ဘူး” ဟု CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်မှ ပြောသည်။

 

အာဏာသိမ်းကာလ အလွန် သက်တမ်းသုံးနှစ်တာအတွင်း စစ်ကောင်စီသည် ကောင်စီဝင်အဖွဲ့ဝင်များ ပြောင်းလဲခြင်းကို လေးကြိမ်တိုင် ပြုလုပ်ခဲ့သလို အစိုးရအဖွဲ့တစ်ခုလုံး ပြင်ဆင်ဖွဲ့စည်းမှုအဖြစ် ခြောက်ကြိမ်လုပ်ဆောင်ခဲ့ကာ ယင်း အကြမ်ရေများအတွင်း  ( ခန့်အပ်၊ ဖယ်ရှား၊ နေရာအပြောင်းအရွေ့ ပြောင်းလဲမှု ၅၆ ကြိမ်နှင့် ရာထူးနေရာပြောင်းလဲမှု လူပုဂ္ဂိုလ် ၅၄ ဦး)ရှိခဲ့ကြောင်း၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံး၌ ပါဝင်သူ ကောင်စီဝင်၊ ဝန်ကြီး၊ ဒုတိယ ဝန်ကြီး မှသည် ပြည်နယ် နှင့် တိုင်းဝန်ကြီးချုပ် အဆင့်အထိ စုစုပေါင်း လူပုဂ္ဂိုလ် ၁၅၂ ဦးအထိ ရှိနေကြောင်းကိုလည်း ISP Myanmar ၏ သုတေသန စာရင်းများ အရ သိရသည်။