“ဒီတစ်ပတ် ရွှေဈေး အတက်အကျ ” (မေ ၂ ရက်မှ ၈ ရက် အထိ)

Author လင်းနွေဦး
Categories
Published on Jun 09, 2024

“အဖမ်းအဆီးကြမ်းလို့ ပြန်ကျလာတဲ့ ရွှေဈေး”

 

အပတ်စဉ် အတက်ကြမ်းနေတဲ့ ရွှေဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ ထူးခြားခဲ့ပြီး ကမ္ဘာ့ရွှေသာမက မြန်မာရွှေဈေးတွေပါ တက်နှုန်းမြင့်ရာကနေ ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။

 

ဒါဟာ စစ်ကောင်စီက ပြည်တွင်း ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူခဲ့တာရဲ့ နောက်ဆက်တွဲဖြစ်ပြီး ဖမ်းဆီးပြီး မကြာခင် ရက်ပိုင်းအတွင်းကို ဈေးနှုန်းတွေ ရုတ်ချည်းပြန်လည် ကျဆင်းခဲ့တာပါ။

 

ဈေးကွက် ဝယ်လိုအား နဲ့ ရောင်းလိုအားပေါ်မူတည်ပြီး ရွှေဈေးတွေဟာ ပြောင်းလဲနေတာဖြစ်ပေမဲ့ ၎င်းတို့လက်ထက် ဈေးနှုန်းတွေ မြင့်တက်လာမှုအပေါ် စစ်ကောင်စီကတော့ ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးအရေးယူပြီး ဖြေရှင်းခဲ့တာကြောင့် လတ်တလော တိမ်းရှောင်နေရတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေပါသေးတယ်။

 

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ကတော့ ၎င်းတို့လူမှုကွန်ရက် စာမျက်နှာထက်မှာ အကယ်ဒမီ မီးလင်းရွှေ(၁၆ ပဲရည် အခေါက်ရွှေ) တစ်ကျပ်သား ကို ၄၇ သိန်း ၉ သောင်း ၃ ထောင့် ၁ ရာ လို့ ဖော်ပြခဲ့တာဖြစ်ပြီး မြေပြင်ဈေးကွက်ပေါက်ဈေးနဲ့ ၂ သောင်း ၁ ထောင့် ၉ ရာ ကွာဟနေတာကို တွေ့မြင်ရပါတယ်။

 

မြေပြင်ဈေးကွက်အတွင်းမှာတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို အရင်အပတ် ဈေးနှုန်း ၅၂ သိန်း ၈သောင်းကနေ ၄ သိန်း ၆ သောင်း ၅ ထောင် အထိ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပြီး ၁၅ ပဲရည် အခေါက်‌ရွှေ တစ်ကျပ်သားကတော့ ၄၉ သိန်း ၅ သောင်း ကျပ်ကနေ ၃ သိန်း နှုန်းအတိ ပြန်ကျခဲ့တာပါ။

 

အလားတူ ကမ္ဘာ့ရွှေ တစ်အောင်စကလည်း အမေရိကန် ၂၃၂၇ ဒေါ်လာကနေ ၃၄ ဒေါ်လာ အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

ဂျွန် ၈ ရက် စနေနေ့ မြေပြင်ရွှေဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၈ သိန်း ၁ သောင်း ၅ ထောင်ကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၆ သိန်း ၅ သောင်း ကျပ်နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၂၉၃ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။