မင်းလက်ပံရွာအနီး ရွှန်ဒါပက်ခ် ငရဲခန်းကနေ လွတ်မြောက်လာသူတွေ
“တစုံတစ်ယောက်က အဲ့နေရာကို ပြန်သွားဖို့ ဖိအားပေးမယ်ဆိုရင် ကျွန်တော် ပြန်မသွားလိုဘူး။ အဲ့နေရာက ကျွန်တော့်အတွက် ငရဲခန်းပဲ။ ကျွန်တော်တို့ အိမ်ပြန်ချင်တယ်” လို့ အသက် ၂၇ နှစ်အရွယ် ယူဂန္ဓာနိုင်ငံသား တီမိုသိုင်းက Free Burma Ranger နဲ့ တွေ့ဆုံချိန် ထုတ်ဖော်ပြောဆိုလာပါတယ်။
တီမိုသိုင်း ပြန်မသွားလိုဘူးဆိုတဲ့ ငရဲခန်းက တခြားနေရာတော့မဟုတ်ပါဘူး။ ကရင်ပြည် မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာအနီးမှာရှိတဲ့ ရွှန်ဒါပက် (Shunda Park) အဆောက်အအုံဝင်းနေရာကို ပြောတာပါ။ အဲဒီ အဆောက်အအုံနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ချိန် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသူတွေကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တီမိုသိုင်းဟာ ယူဂန္ဓာစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် သူ့နိုင်ငံကနေ တိမ်းရှောင်လာပြီး ထိုင်းနိုင်ငံထဲကို ၂၀၂၄ ခုနှစ်မှာ ရောက်ရှိလာတာပါ။ အဲဒီနောက် နိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားနေချိန်မှာပဲ သူဟာ လာအိုနိုင်ငံကိုသွားခဲ့ချိန် ဒါလောင်းဆိုတဲ့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးနောက် သူ့ရဲ့ကံကြမ္မာဆိုးဟာ အဲဒီအချိန်ကတည်းက စတင်ခဲ့ပါတယ်။
ဒါလောင်းက အရှေ့ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရှိတယ်ဆိုပြီး တီမိုသိုင်းကို လိမ်လည်ခေါ်ဆောင်ခဲ့ပြီးနောက် ကရင်ပြည်ထဲက လက်နက်ကိုင်အဖွဲ့တစ်ခုထဲ ရောက်ရှိသွားချိန်မှာတော့ သူ့ဘဝရဲ့ လွတ်လပ်မှုတွေဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေကုက္ကိုနဲ့ KK Park တို့နဲ့နှိုင်းယှဉ်ရင် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ ရွှန်ဒါပက်ခ်အဆောက်အအုံဝင်းက အတော်လေးသေးငယ်တယ်လို့ ပြောရမှာပါ။
ဒါပေမဲ့ လူကုန်ကူးခံရပြီး အဲဒီကိုရောက်သွားတဲ့သူတွေအတွက်ကတော့ ရွှန်ဒါပက်ခ်ဟာ ငရဲခန်းတစ်ခု၊ အမှောင်တိုက်တွေ ဖုံးလွှမ်းနေတဲ့နေရာ၊ လူမသိ သူမသိဘဲ ပျောက်ဆုံးသွားတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။
“အဲဒီကိုရောက်ချိန် တစ်ရက်မှာ ကျွန်တော် အိပ်ရာထတာ နာရီဝက်နောက်ကျလို့ဆိုပြီး အလုံပိတ်နှိပ်စက်ခန်းထဲမှာ နှစ်ပတ်အပိတ်ခံခဲ့ရပါတယ်။ နေ့စဉ် ရေဗူးတစ်ဗူးပဲ ကျွန်တော့်ကိုပေးပြီး အဲဒါနဲ့ အသက်ရှင်သန်ဖို့ ကြိုးစားခဲ့ရပါတယ်” လို့ တီမိုသိုင်းက Free Burma Ranger နဲ့ တွေ့ဆုံချိန် ဒီကြုံတွေ့ခဲ့ရတာကို ပြန်ပြောင်းပြောပြပါတယ်။
ကျားဖြန့်တွေရှိတဲ့ ရွှန်ဒါပက်ခ်အဆောက်အအုံဝင်းနေရာကို KNLA က စီးနင်းထိန်းချုပ်ခဲ့ပြီးနောက် ယူကေအခြေစိုက် Channel 4 သတင်းဌာနနဲ့ Free Burma Ranger အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ကျားဖြန့်စင်တာထဲက အခြေအနေတွေကို ပြသခဲ့သလို လူကုန်ကူးခံရသူတွေနဲ့လည်း တွေ့ဆုံပေးခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းခွင်ထဲ အကြမ်းဖက်နှိပ်စက်ခံရတာ တီမိုသိုင်းတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ သူရှေ့မှာတင် အကြမ်းဖက်ခန်းနှိပ်စက်ခန်းထဲ ခေါ်ဆောင်သွားခံရသူတွေလည်း မကြာခဏ သူ နေ့စဉ်နီးပါး တွေ့ခဲ့ရတာပါ။ တချို့တွေ ဆိုးရွားတဲ့အခြေအနေနဲ့ လုပ်ငန်းခွင်ထဲ ပြန်လာကြပေမဲ့ တချို့တွေကတော့ ပြန်မလာနိုင်ကြတော့ပါဘူး။ ဒီလိုအခြေအနေတွေနဲ့ တီမိုသိုင်းတစ်ယောက် တစ်နှစ်နီးပါးကြာ ဖြတ်သန်းခဲ့ရပါတယ်။
■ ချင်းမိုင်မှာ တက္ကစီငှားစီးရင် ပြန်ပေးဆွဲခံရသူနဲ့ လက်ဝါးကပ်တိုင်မှာ နှိပ်စက်ခံရသူ
Free Burma Ranger က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲမှာဖော်ပြထားတဲ့ ပြန်ပေးဆွဲခံရသူအချို့ဟာ တက္ကစီငှားရမ်းစီးနင်းချိန် ပြန်ပေးဆွဲခံရတဲ့အခြေအနေတွေ ကြုံတွေခဲ့ရပါတယ်။ ဒီလိုအဖြစ်မျိုးကို အသက် ၂၅ နှစ်အရွယ် မလေးရှားနိုင်ငံသား တရုတ်လူငယ်တစ်ဦးဖြစ်တဲ့ Ho Yong Zhan ထိုင်းနိုင်ငံရဲ့ အထင်ကရမြို့တော် ချင်းမိုင်မှာ ကြုံတွေ့ခဲ့တာပါ။
Grab တက္ကစီသမားဟန်ဆောင်ထားတဲ့ လူကုန်ကူးသူတစ်ဦးက Zhan ကို ပြန်ပေးဆွဲခေါ်ဆောင်ခဲ့ပြီး ကျားဖြန့်စင်တာနေရာကို ပို့ဆောင်ခဲ့တာပါ။ Zhan ကတော့ ရွှန်ဒါပက်ခ်မှာ ၂ လခွဲသာ လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆိုးရွားတဲ့လုပ်ငန်းခါင်ထဲမှာ တစ်နေ့ကို ၁၂ နာရီ အလုပ်လုပ်ကိုင်ခဲ့ရပြီး တစ်နေ့တာ သတ်မှတ်ချက်မပြည့်မီပါက ခြိမ်းခြောက်ရိုက်နှက်တာ၊ လျှပ်စစ်ကျင်စက်နဲ့ နှိပ်စက်တာတွေကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်ခါတလေ သူတို့ရှေ့မှာတင် အလုပ်မလုပ်နိုင်တဲ့ ကျားဖြန့်အလုပ်သမားတွေကို မန်နေဂျာတွေက နမူနာပြ သတ်ပစ်တာတွေကိုလည်း ကြုံခဲ့ရပြီး ရွှန်ဒါပက်ခ်အဆောက်အအုံတွေထဲမှာ ဒါဟာ နေ့စဉ်နီးပါး ဖြစ်နေတာဖြစ်တာလို့ Zhan က ပြောပါတယ်။ အကြမ်းဖက်နှိပ်စက်မှုဟာ ပုံစံမျိုးစုံရှိခဲ့ပြီး တချို့အရာတွေဟာ မတွေးဝံ့စရာ နှိပ်စက်မှုမျိုးစုံ ရှိနေခဲ့ပါတယ်။
အိုင်ဗင်လို့ခေါ်တဲ့ နောက်ထပ်မလေးရှားနိုင်ငံသားတစ်ဦးကလည်း ကျားဖြန့်ဂိုဏ်းတွေရဲ့ နှိပ်စက်ခံသားကောင်ဖြစ်ခဲ့ပြီး သူ့ကို ယေရှုသခင် လက်ဝါးကပ်တိုင်မှာ အပြစ်တော်ကိုယ်စား ခံယူခဲ့တဲ့ ပုံစံနဲ့ နံရံမှာကပ် လက်နှစ်ဖက်ကို ချိန်းကြိုးနဲ့ချည်ထားပြီး တုတ်တွေ၊ လျှပ်စစ်တုတ် (Tasers) တွေနဲ့ ရိုက်နှက်ခဲ့တဲ့အပြင် အကြိမ်ကြိမ် ထိုးနှက်တာမျိုးတွေလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူနဲ့ တခြားသူတွေလည်း ရက်ပေါင်းများစွာ ချုပ်နှောင်ဖမ်းဆီးခံရတာတွေ ကြုံခဲ့ရပြီး တချို့ရက်တွေမှာ အစားအစာ မစားရဘဲ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်ကျားဖြန်ု့ခေါင်းဆောင်တွေရဲ့ နှိပ်စက်မှုတွေဟာ ဒါတွေနဲ့ မပြီးသွားပါဘူး။ ကြိုးအရှည်တွေနဲ့ ရိုက်နှက်တာ၊ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချတာ၊ ရော်ဘာတုတ်တွေ၊ ကြိမ်လုံးတွေ ရိုက်နှက်တာ စတဲ့ နည်းလမ်းမျိုးစုံကိုလည်း အသုံးပြုခဲ့ပါတယ်။
အဓမ္မလူကုန်ကူးခံရပြီး ဒီလို နှိပ်စက်မှုမျိုးစုံ ကြုံတွေ့ခဲ့ရသူတွေကတော့ ရွှန်ဒါပက်ငရဲခန်းကနေ လွတ်မြောက်လာချိန် အဲ့နေရာကို ပြန်မသွားချင်ကြတော့ပါဘူး။ ဒါပေမဲ့ သူတို့မှာ စိုးရိမ်စိတ်ကတော့ ရှိနေဆဲပါပဲ။ လက်ရှိအချိန်ထိ သူတို့က ရွှန်ဒါပက်နဲ့ သိပ်မဝေးလှတဲ့ မြန်မာနယ်စပ်က သောင်းရင်းမြစ်ကမ်းဘေးမှာ ရှိနေတုန်းမို့ပါပဲ။
KNLA တပ်ဖွဲ့တွေက ရွှန်ဒါပက်ခ်ကို ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသား ၃၅၀၀ ကျော်ထဲက ၂၀၀၀ ကျော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)က ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးထားနိုင်ခဲ့ပေမဲ့ တီမိုသိုင်းတို့၊ Zhang တို့ အိုင်ဗင်တို့အပါအဝင် လူ ၂၀၀ ဝန်းကျင်က ထိုင်းဘက်ကို ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေဆဲပါ။
တကယ်လို့သာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့တွေက ရွှန်ဒါပက်ခ်ကို ပြန်လည်ထိန်းသိမ်းခဲ့ရင် သူတို့ ပြန်အဖမ်းခံရပြီး ကျားဖြန့်စင်တာထဲ ပြန်ရောက်မှာကို စိုးရိမ်နေကြပါတယ်။ လက်ရှိမှာလည်း KNLA နဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လက်နက်ကြီးတွေ ရွှန်ဒါပက်ခ်အတွင်း ကျရောက်ပေါက်ကွဲနေသလို သူတို့အနီးတဝိုက်ကိုလည်း ကျရောက်တာမျိုးရှိနေတာကြောင့် နေ့စဉ် အသက်အန္တရာယ် စိုးရိမ်မှုတွေနေ သူတို့ မလွတ်မြောက်သေးဘဲ ဖြစ်နေပါတယ်။
တီမိုသိုင်းတစ်ယောက်ကတော့ ယူဂန္ဓာမှာရှိတဲ့ သူ့မိသားစုဆီကို တရားဝင်လမ်းကြောင်းကနေ ပြန်သွားချင်နေပါပြီ။ သူ့မိသားစုနဲ့ မတွေ့ရတာ တစ်နှစ်ကျော်ကြာနေပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ သူ့ရဲ့ အပြင်းပြဆုံးဆန္ဒကတော့ အိမ်ပြန်ချင်နေတာပဲ ဖြစ်ပါတယ်။
( Free Burma Ranger မှဖော်ပြထားသည့် ဆောင်းပါးကို ဘာသာပြန် တင်ဆက်ထားခြင်း ဖြစ်ပါသည်။)
