တောင်ကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေ ဘေးလွတ်ရာ ပြေးနေရ

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက စတင်ပြီး အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံတွေ ဘေးလွတ်ရာ မြို့အတွင်းပိုင်း ရပ်ကွက်တွေဆီ ထွက်ပြေးနေရတယ်လို့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။
တောင်ကုတ်မြို့ရှိ ကိုင်းရှည်တံတားမှာ နှစ်ဖက်တပ်တွေ အပြင်းအထန်တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပြင် ဒရုန်းအသုံးပြု တိုက်ခိုက်နေတာတွေလည်း ရှိတယ်လို့ ကနဦး စုံစမ်းသိရှိရပါတယ်။
“တံတားမှာက လက်နက်ကြီးငယ်သံတွေ အခုထိကြားနေရတယ်။ စကစ တပ်ဖွဲ့တွေကိုလည်း AA ကဝိုင်းထားတဲ့ သဘောမှာ ရှိတယ်။ ဒီညတော့ အတော်ကိုင်မယ်ထင်တယ်”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။
လက်ရှိမှာ တောင်ကုတ်မြို့ ကိုင်းရှည်တံတားမှာ စစ်ကောင်စီက အထိုင်ချထားပြီး အဲဒီအနီးတဝိုက် တိုက်ပွဲတွေ ပိုပြင်းထန်နေတာကြောင့် တချို့ကလည်း ရေလမ်းကနေ ကျွန်းတွေရှိရာကို စက်လှေငှားပြီး အရဲစွန့် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဘေးလွတ်ရာ ပြေးနေရတဲ့ ဒေသခံတွေဟာ မြို့အတွင်းပိုင်းရှိ ကန်ပိုင်၊ သိမ်တောင်၊ ချောင်းဇောက်နဲ့ ဘူတာ စတဲ့နေရာတွေက နီးစပ်ရာ ဆွေမျိုးတွေဆီ ခိုလှုံနေကြတဲ့အပြင် ဆွေမျိုး မရှိသူတွေအနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြပေမဲ့ လုံခြုံမှု မရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် မြို့အဝင် တစ်ဖက်ကမ်း ကိုင်းရှည်နဲ့ ဒုံရွာတို့မှာ အတွဲလိုက် ပစ်ခတ်သံတွေအပြင် ဒရုန်းဗုံးသံတွေ ကြားရပြီး စစ်ကောင်စီဘက် တပ်မထဲကနေ အမြောက်နဲ့ ပစ်ခတ်နေတဲ့အပြင် နေ့လယ်ပိုင်းက တောင်ကုတ်တက္ကသိုလ်ဘက်မှာ ဒရုန်းဗုံး နှစ်လုံးကြဲချသွားတယ်လို့လည်း သိရှိရပါတယ်။
အာရက္ခတပ်တော် (AA) က စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ)-၅ လက်အောက်ရှိ အမြင့်ဆုံး ဗျူဟာစခန်းကုန်းဖြစ်တဲ့ ပန်းမြောက်တောင် အမြောက်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။