ရွေးကောက်ပွဲနိုင် အစိုးရကို အာဏာလွှဲပေးဖို့ တစိုက်မတ်မတ်လုပ်နေတယ်လို့ စစ်ခေါင်းဆောင် ထပ်ပြော

Author အကြင်နာ
Categories
Published on Oct 09, 2024

စစ်တပ် အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲပြန်လုပ်ဖို့မှာ စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

ရွေးကောက်ပွဲနိုင်အစိုးရကို အာဏာပြန်လွှဲမယ်ဆိုတာကိုလည်း အတိအလင်းပြောဆိုထားပြီး အဲဒီရည်မှန်းချက်ကို တစိုက်မတ်မတ်အကောင်အထည်ဖော်နေတယ်လို့ ၎င်းက ယမန်နေ့ အောက်တိုဘာ ၈ ရက်က ရန်ကုန်တိုင်းအစိုးရနဲ့ လာရောက်တွေ့ဆုံချိန် ထည့်သွင်းပြောကြားသွားတာပါ။

 

နိုင်ငံရေးမှာ ရိုးသားမှုမရှိပါက ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားရမယ်ဆိုတာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအပြင် နိုင်ငံတကာဖြစ်စဉ်တွေမှာ မြင်တွေ့ရမှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်ခေါင်းဆောင်က ပြောသွားပါသေးတယ်။

 

ဒါဟာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ ဩဇာခံတွေက မဲလိမ်အနိုင်ယူခဲ့တယ်လို့ စွပ်စွဲပြောကြားနေတဲ့ NLD ရဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရည်ညွှန်းပြောဆိုတာလို့ နားလည်ရပါတယ်။

 

ဒါပေမဲ့ စစ်တပ်က လုပ်ပေးမယ်လို့ တွင်တွင်ပြောနေတဲ့ရွေးကောက်ပွဲကို ပြည်သူတွေအပါအဝင် ဘယ်သူကမှ အယုံအကြည်မရှိကြပါဘူး။

 

ဆက်လက်ပြီး စစ်ခေါင်းဆောင်က စစ်ကောင်စီဖော်ဆောင်နေတဲ့ မဆလခေတ်က ပြည်သူ့စစ်စနစ်လိုပြန်လည်အသက်သွင်းနေတာကို ရည်ညွှန်းပြီး ပြည်သူ့လုံခြုံရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ထပ်မံတိုက်တွန်းသွားပါသေးတယ်။

 

အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကိုယ်တာဝန်ထမ်းဆောင်ရတဲ့ နေရာဒေသအလိုက် တာဝန်ထမ်းဆောင်ရာမှာ မှတ်ကျောက်တစ်ခုစိုက်ထူနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြဖို့လိုသလို အများပြည်သူ အသိအမှတ်ပြုရလောက်တဲ့ အုပ်ချုပ်မှုသမိုင်းကြောင်းကို ထားရှိနိုင်ခဲ့ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က သန်းခေါင်စာရင်းကောက်ယူနေတာတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးရရှိမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းမှုတွေအကြောင်း စစ်ခေါင်းဆောင်ထံ အစီရင်ခံခဲ့ကြပါတယ်။

 

စစ်ခေါင်းဆောင်ဟာ အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး တိုင်းအစိုးရအဖွဲ့ဝင်တွေအပါအဝင် တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ ဒလတံတားစီမံကိန်းတို့ဆီ သွားရောက်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

Related News

Depend on news