စစ်မှုထမ်းသင်တန်းဆင်း လူငယ်ထောင်ချီ အကြီးအကျယ်စစ်ရှုံးနေတဲ့ ရခိုင်သို့ ပို့ခံရ

Published on Aug 08, 2024

စစ်ကောင်စီတပ်ရဲ့ ပထမဆုံးစစ်သင်တန်းက လူငယ်ထောင်ချီဟာ အကြီးအကျယ်စစ်ရှုံးနေတဲ့ ရခိုင်ပြည်၊ ဂွမြို့နဲ့ ရှေ့တန်းနေရာတွေကို စေလွှတ်ခံထားရတယ်လို့ သင်တန်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

အဓမ္မစုဆောင်းခြင်းခံထားရပြီး စစ်ရေးအတွေ့အကြုံမရှိတဲ့ သင်တန်းဆင်း လူငယ် ၃,၀၀၀ ခန့်ကို ရန်ကုန်ကနေတစ်ဆင့် ရခိုင်ကို ပို့ခဲ့တာလို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အဲဒီနောက် ရခိုင်ကိုရောက်တာနဲ့ ရှေ့တန်းစစ်မျက်နှာပြင်များထံသို့ ပို့ဆောင်ကာ အဲဒီက စစ်ကောင်စီတပ်သားတွေကို နောက်တန်းကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

“သင်တန်းဆင်းတာက ၃၀၀၀ ကျော်တယ်။ သူတို့ဟာ သင်တန်းအပြည့်အဝ မတက်ရဘူး။ အဲဒီထဲက ထွက်ပြေးသူတွေထဲက လွတ်သွားတဲ့သူတွေလည်း ရှိပါတယ်” လို့ ဂွမြို့ကို ရောက်နေတဲ့စစ်သင်တန်းသားရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လတ်တလော စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေကို လစာလည်းမပေးတဲ့အပြင် ရှေ့တန်းမှာ လူသားဒိုင်းကာအဖြစ် အသုံးချနေတယ်လို့ ၎င်းက ပြောပါတယ်။

 

(လက်ရှိဂွမြို့က စစ်သင်တန်းသားတွေနေထိုင်တဲ့ တပ်ရင်းနံပါတ်ကို CJ Platform က အတိအကျသတင်းရထားပေမဲ့ ၎င်းတို့ရဲ့လုံခြုံရေးအရ မဖော်ပြခြင်းဖြစ်ပါတယ်။)

 

ဒါ့အပြင် စစ်မှုထမ်းစုဆောင်းခံရသူတွေကို ထောက်ပံ့ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက တစ်အိမ် ဘယ်လောက်ဆိုပြီး ကောက်ခံငွေတွေဟာ စစ်မှုထမ်းစုဆောင်းခံရသူတွေဆီမရရှိဘူးလို့ သူက ဆက်ပြောပါတယ်။

 

“အပိုတွေပါ ငွေစုပြီးဘာမှ မထောက်ပံ့ဘူး။ လစာမရတာကလည်း တစ်ဖွဲ့လုံးပဲ။ ဒီလူသားတွေကို ခွေးလေး၊ ငှက်လေး၊ ကြက်လေးလိုပဲ ချောဆွဲတဲ့ သဘောပေါ့။ သုံးဖို့ဆွဲဖို့ ပိုက်ဆံကအစ အိမ်က ပြန်လွှဲပေးနေရတယ်” လို့ ၎င်းက ပြောပါတယ်။

 

အခုလို စစ်ကောင်စီက လုပ်ဆောင်တာဟာ ကလေးတွေကို ထိုးကျွေးနေတာသာဖြစ်တယ်လို့ မိဘတစ်ဦးကလည်း ပြောဆိုပါတယ်။

 

“အဲဒီတပ်ထဲမှာ ကလေးတွေချည်းထားထားတာ။ ထိုးကျွေးတာလေ။ အခွင့်သာရင် ဗိုလ်ကိုယ်တိုင်က မင်းတို့ ပြေးသာပြေးလို့ လမ်းတွေပြထားပေမဲ့ မလွယ်ပါဘူး။ ပြေးဖို့က ကမ်းပဲရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်အစိုးရပြဌာန်းထားတဲ့ ၂၀၁၀ ပြည်သူ့စစ်မှုမထမ်းမနေဥပဒေကို စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုခဲ့ပါတယ်။

 

အဲဒီနောက် မတ်လအတွင်း စစ်သားစုဆောင်းရေးတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ဧပြီ ၈ ရက်မှာ အပတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပထမဆုံးအပတ်စဉ်ဟာ ဇွန်လ ၂၈ ရက်နေ့မှာ သင်တန်းဆင်းခဲ့ကြပါတယ်။

 

အဲဒီနောက် သင်တန်းသားတွေဟာ ချက်ချင်းဆိုသလို စစ်ကောင်စီတပ်တွေ စစ်ရေးမလှတဲ့ ရခိုင်ပြည်အပါအဝင် ရှေ့တန်းစစ်မျက်နှာပြင်တွေဆီ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်သင်တန်းပြီးပါက မိမိရပ်ရွာများရှိ လုံခြုံရေးတပ်ဖွဲ့တွေမှာပဲ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ရှေ့တန်းပို့မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

 

လက်ရှိအချိန်ထိ ဂွမြို့နဲ့ အနီးတဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ဘက်ကသာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းမျိုးသာရှိတယ်လို့ အဲဒီက စစ်သင်တန်းသားတွေရဲ့ ပြောကြားချက်ကို မိဘတွေက ပြန်ပြောပါတယ်။

 

ဒါပေမဲ့ ဂွမြို့နဲ့ အနီးတဝိုက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ်ထားပြီး ရှောင်တခင်စစ်ဆေးမှုတွေနဲ့ လမ်းမပေါ် စစ်ဆေးဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ဩဂုတ်လ ၆ ရက် မနက် ၇ နာရီခန့်မှစတင်ပြီး ဂွမြို့၊ ဆပ်သွားတိုက်နယ်၊ ရွာသစ်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်နဲ့ ဒေသခံတွေကို စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။

 

အဲဒီမှာ ဧရာဝတီတိုင်းကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ခုနစ်ဦးကို မှတ်ပုံတင်မပါလို့ဆိုပြီး ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဩဂုတ် ၁ ရက်နေ့က သံတွဲမြို့ကို သိမ်းပိုက်လုနီးပါးဖြစ်နေတဲ့ အာရက္ခတပ်တော် AA က သံတွဲအနီးက တောင်ကုတ်နဲ့ ဂွမြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ စစ်ကြေညာထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်