စလင်းရှိ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြုပ်မိုင်းအလုံး ၂၀၀ လောက်ကို PDF တွေရှင်းလင်း

Author မင်းထက်
Categories
Published on Oct 08, 2024

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ မြေမြုပ်မိုင်းအလုံး ၂၀၀ လောက်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီမိုင်းတွေကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်(ကပစ) ၂၁ နဲ့ ၂၅ တို့ဆီ သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေတလျှောက် လမ်းဘေးဝဲ/ယာတွေမှာ ထောင်ထားတာဖြစ်တယ်လို့ စလင်းမြို့နယ်-ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

PDF တပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့မနက်ပိုင်းကစပြီး ညနေပိုင်းအထိ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

 

အဲဒီက ရရှိတဲ့ မိုင်း ၁၈၃ လုံးထဲက ပြန်သုံးလို့ရတာတွေကို ပြန်လည်အသုံးပြုမယ်လို့လည်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

အခုမိုင်းရှင်းလင်းရေးကို စလင်း‌-ပကဖနဲ့အတူ မဟာမိတ် မကွေးတိုင်း drone လက်ရုံးတက်ဖွဲ့၊ သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦးတို့က ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။

 

ကပစ ၂၅ နဲ့ ၂၁ တို့ကို သွယ်တန်းထားတဲ့မီးလိုင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ခဲ့တယ်လို့ စလင်း-ပကဖဆီကနေ သိရပါတယ်။

 

“ကျွန်တော်တို့စလင်း ပကဖအနေနဲ့ အကြိမ်တော်တော်များများ ကပစ မီးတိုင်တွေကို ဖောက်ခွဲမှုပြုလုပ်ဖြစ်တယ်ဗျ။ ဖောက်ခွဲမှုပြုလုပ်ပြီးတိုင်း ကပစကနေ စကစ စစ်ကြောင်းကို အင်အားနဲ့ စစ်ကြောင်းထိုးရင် လျှပ်စစ်မီးတိုင်တွေကို ပြန်ပြင်ရတော့။ ကြားဖြတ်တိုက်ခိုက်မှုတွေ အမြဲခံနေရတော့ အခုလို မြေမြှုပ်နင်းမိုင်းတွေထောင်ထားခြင်းပါခင်ဗျာ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ မီးလိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးတဲ့အပြင် ၁၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေ ပြန်လည်ဆုတ်ခွာချိန်မှာလည်း လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မဆုတ်ခွာမီ လမ်းမီးတိုင်တွေအနီး မြေမြုပ်မိုင်းအများအပြား ထောင်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ -စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့