ပြည်သူအများစု အငတ်ဘေးကြုံနေရချိန် တစ်နိုင်ငံလုံးမှာ ဆန်ဖူလုံမှု နှစ်ဆနီးပါးရှိတယ်လို့ စစ်ခေါင်းဆောင်ပြော

ပြည်သူအများစု အငတ်ဘေးကြုံတွေ့နေရချိန် တစ်နိုင်ငံလုံး ဆန်ဖူလုံမှု ၁၇၀ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ဇူလိုင် ၂ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းကလွဲပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေနည်းပါးတဲ့ ချင်းပြည်၊ ရှမ်းပြည်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ဆန်ဖူလုံမှု မရှိဘူးလို့လည်း ဆိုပါတယ်။
“စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများအောင်မြင်ကို မိမိတို့အစိုးရ၏ မှတ်ကျောက်အဖြစ် ကျန်ရှိအောင် ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း” လို့ စစ်ခေါင်းဆောင်က သူ့ဝန်ကြီးတွေကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အညွှန်းကိန်း မြင့်တက်နေတာဖြစ်လို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း သူက ညွှန်ကြားခဲ့ပါတယ်။
၂၀၂၂–၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးမှုစုစုပေါင်းမှာ ၁၇ သန်းရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ်တွင် တစ်သီးသာ စိုက်ပျိုးတဲ့ စိုက်ပျိုးမြေဧက သန်း ၂၀ ခန့်ရှိတယ်လို့ ပြောဆိုခဲ့ပြီး သီးထပ်စိုက်ပျိုးဖို့ကိုလည်း မှာကြားခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပ အလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး အလုပ်လုပ်နေသူ ၁၇ ဒသမ ၁၃၀ သန်းရှိတာကြောင့် အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံ GDP ကို တိုးတက်အောင် ဆောင်ရွက်နေပေမဲ့ ကမ္ဘာ့ဘဏ်က GDP ကျဆင်းနေတယ်လို့ မမှန်မကန် ထုတ်ပြန်ထားတယ်လို့လည်း အာဏာသိမ်းခေါင်းဆောင်က စွပ်စွဲထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ “စပါးကျည်” လို့ တင်စားခေါ်ဝေါ်တဲ့ ဧရာဝတီတိုင်းမှာတော့ လယ်သမားတွေအနေနဲ့ လုပ်သားရှားပါးခြင်း၊ စပါးဈေး အဆမတန် ကျဆင်းခြင်း၊ သွင်းအားစု စရိတ်မြင့်တက်လာတာတွေကြောင့် စိုက်ပျိုးလယ်ယာမြေတွေ လျှော့ချစိုက်ပျိုးနေကြရတယ်လို့ ဒေသခံလယ်သမားတွေ ဆီကနေ သိရပါတယ်။