ဒေါ်လာဘီလီယံချီတန်တဲ့ ကျောက်စိမ်းတွေပေါ် နေထိုင်ရင်း ရေငတ်နေရသူများ
ဖားကန့်ဒေသခံ ကိုနောနော် တည်ထားသော ရေနွေးအိုး အဖုံးဖွင့်လိုက်ချိန်တွင် တွေ့ရသော မြင်ကွင်းမှာ အခြားဒေသခံများအတွက်တော့ အံ့ဩမိလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရေနွေးများသည် ထုံးကျောက်တုံးများအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
“အဲ့ဒီရေနွေးချက်သောက်တာတို့ဆိုရင် ၂ ရက် ၃ ရက် ချက်လိုက်ပြီဆိုရင် အခဲလိုက်တွေ ဖြစ်သွားတယ်။ ထုံးဓာတ် များတယ် ဆိုတော့ အဲ့ဒီလိုနဲ့ အရမ်းကို ခက်ခဲတယ်” ဟု ကိုနောနော်က ပြောသည်။
ယခုကဲ့သို့ ဖြစ်စဉ်သည် ကိုနောနော်ကဲ့သို့ ဖားကန့်ဒေသခံများ အတွက်တော့ အထူးအဆန်း မဟုတ်တော့ချေ။ ဖားကန့်ဒေသခံများသည် ယခုကဲ့သို့ ထုံးပါဝင်မှုများသည့် ရေပြဿနာ အပြင် ရေရှားပါးမှုပြဿနာကိုလည်း ခံစားနေရသည်။

ဖားကန့်ဒေသခံဖြစ်သည့် အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ရေအခက်အခဲ ဖြစ်နေကြောင်း ယခုကဲ့သို့ ပြောသည်။
“အခု ဖားကန့်မှာ ရေတွေက ထုံးဓာတ် အရမ်းများသွားပြီ။ သောက်လို့မရတော့ဘူး။ ဆံပင်တွေကလည်း အရမ်းခြောက်လာတယ်။ ကျောက်ကပ်ရောဂါ ဖြစ်တဲ့သူတွေ အရမ်းများလာတယ်” ဟု ဆိုသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းတစ်သောင်းကျော် နေထိုင်ပြီး လူဦးရေအများစုမှာ သောက်သုံးရေ ပြဿနာ အခက်ခဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

၁၉၉၀ နောက်ပိုင်း ကုမ္ပဏီကြီးများသည် စက်ယန္တရားကြီးများနှင့် ဝင်ရောက်၍ တူးဖော်လာခြင်းနှင့်အတူ ဖားကန့်၏ အဓိကချောင်းဖြစ်သော ဥရုချောင်း ပျက်စီးလာသည်နှင့် တစ်ပါးတည်း အခြား ရေအရင်းအမြစ် ရှားပါးမှု ပြဿနာသည် ယနေ့တိုင် ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများမှ ဆိုကြသည်။
ဖားကန့်တွင် အခြားသော သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော မြေပြိုမှု ပြဿနာ၊ တရားဥပဒေစိုးမိုးမှု မရှိသည့် ပြဿနာ၊ ကျောက်စိမ်း တူးဖော်ခြင်းကြောင့် အကျင့်ပျက်ခြစားမှုနှင့် ဆိုင်သော ပြဿနာ၏ အစီရင်ခံစာ စာတမ်းများ ထွက်ရှိထားပေမယ့် ရေရှားပါးမှု အစီရင်ခံစာကို ယနေ့အချိန်အထိ အတိအကျ ထွက်ရှိထားခြင်း မရှိသေးပေ။

ထို့ကြောင့် ရေအရင်းအမြစ် ရှားပါးမှု ပြဿနာသည် မည့်သည့်အချိန်မှ စ၍ ပျက်စီးသွားကြောင်းကို အချိန် အတိအကျ ပြောရန် ခက်ခဲပေသည်။
လက်ရှိ ဖားကန့်ဒေသအတွင်းတွင် ဒေသခံများအနေဖြင့် တောင်ကျရေများနှင့် ရေတွင်းများကို အဓိကထား အသုံးပြုနေရကြောင်း နမ္မဖြစ်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ဘက်မှာ သုံးရေကို ရေတွင်းကနေ ခတ်သုံးရတယ်။ သောက်ရေကိုတော့ ဝယ်သောက်ကြရတယ်။ တချို့ကတော့ ရေတွင်းရေကပဲ သောက်ကြတယ်။ ထုံးဓာတ်က အရမ်းများတယ်။ တစ်ခါတလေ ရေတွင်းတွေ ရေခမ်းသွားရင် တခြားရေတွင်းတွေဆီက အလုအယက် သွားခတ်ရပြီး သုံးရေကို ချွေတာသုံးရတယ်” ဟု ပြောသည်။
ရေရှားပါးမှုကြောင့် ဒေသခံအချို့မှာ ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရပြီး တောင်ကျရေများကို ပိုက်ဖြင့် သွယ်တန်းကာ တစ်ယူနစ်လျှင် တစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာ ကျပ်အထိ ကောက်ခံပေးနေသူများလည်း ရှိကြသည်။

ဖားကန့်ဒေသအတွင်းရှိ ရွှေနှင့် ကျောက်စိမ်း တူးဖော်လျက်ရှိသော ဒေသများတွင်လည်း ယခင် တူးဖော်ထားသည့် တွင်းဟောင်းများနှင့် အိုင်များကို ဘက်ဟိုးဖြင့် တစ်ဖန်တူးဖော်ကာ သောက်သုံးရေ ရရှိရန် လုပ်ဆောင်နေရကြောင်းကို ဖားကန့်ဒေသခံများထံမှ သိရသည်။
သောက်သုံးရေအတွက် သီးသန့် ပြင်ဆင် တူးဖော်ထားခြင်း မဟုတ်သည့် ရွှေနှင့် ကျောက်စိမ်းတွင်းဟောင်းများသည် မည်မျှ သန့်ရှင်းသည် ဓာတုပစ္စည်း ပျော်ဝင်မှုရှိသည်ကို ဒေသခံများ မသိကြ။
ထို့အပြင် ဖားကန့်ဒေသတွင် မည်သည့်အစိုးရမှ တာဝန်ယူကာ ရေပေးဝေမှုကို လုပ်ဆောင်ပေးခြင်း မရှိဘဲ ရပ်ရွာမှ ဒေသခံများနှင့် ကုမ္ပဏီများ တစ်ပိုင်တစ်နိုင်ဖြင့် တောင်ကျရေများမှ ပိုက်များဖြင့် သွယ်တန်းကာ ရေအရင်းအမြစ် ရှားပါးမှုကို ဖြေရှင်းနေရသည်။
လက်ရှိ ဖားကန့်တွင် KIA နှင့် စစ်ကော်မရှင်ဘက်မှလည်း နှစ်ဦးနှစ်ဖက်မှာ စစ်ရေးတင်းမာမှု ဆက်လက် ရှိနေပြီး ဆိုင်းတောင်ကဲ့သို့သော KIA ထိန်းချုပ်ထားသည့် နယ်မြေများ ရှိသလို စစ်ကော်မရှင်ဘက်မှ ထိန်းချုပ်ထားသည့် နယ်မြေများလည်း ရှိနေသေးသည့်အတွက် ပြည်သူလူထုမှလည်း ရေပြဿနာကို ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရသည်။

ဖားကန့်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ဖားကန့်ဒေသမှာ အခွန်ငွေကြေး အမြောက်အများ ရရှိနေသော်လည်း ယခုကဲ့သို့ ဒေသခံများ၏ ရေအခက်အခဲကို မည်သူမှ မဖြေရှင်းနိုင်သေးကြောင်းကို ယခုလို ပြောသည်။
“ဒီဒေသမှာ နှစ်စဉ် ငွေအမြောက်အများ ဝင်ငွေ ရရှိနေပြီး အခွန်လည်း အများကြီး ရပါတယ်။ ဒါပေမယ့် ရေ၊ လမ်း စတဲ့ အခြေခံဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စနစ်တကျ မလုပ်ပေးနိုင်ဘူး။ တချို့ရွာတွေကတော့ ကိုယ်ထူကိုယ်ထ ရွာသားတွေ ပေါင်းပြီး တောင်ကျရေ သွယ်တန်းသုံးနေကြတယ်” ဟု ဆိုသည်။
ဖားကန့်တွင် ရှိသော အမျိုးသမီးများသည်လည်း ရေကို အိမ်နှင့် အရမ်းဝေးသည့် နေရာများမှ အကြိမ်ရေ များစွာ သွားရောက်ခတ်ယူရသည့်အတွက် အချိန်ကုန် လူပင်ပန်းစေပြီး ကျန်းမာရေး ထိခိုက်မှုများ ရှိကြောင်း မြန်မာ့သတ္တုမိုင်း စောင့်ကြည့် ကွန်ယက် (MMWN) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ကျောက်မျက်ကုမ္ပဏီများ၏ မဆင်မခြင် တူးဖော်ခြင်းများကြောင့် ရေအရင်းအမြစ်များ ဆုံးရှုံးနေရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖားကန့်ဒေသသည် နဂိုမူလမှ ထုံးဓာတ် အများအပြားပါသော ကျောက်များသော ဒေသဖြစ်၍ ကုမ္ပဏီများ၏ စနစ်တကျ မဟုတ်သော မဆင်မခြင် တူးဖော်ခြင်း၊ နေ့စဉ် မိုင်းအမြောက်အများ အသုံးပြု၍ ကျောက်တောင်များကို မိုင်းများဖြင့် ဖောက်ခွဲကာ ကျောက်စိမ်း တူးဖော်ခြင်းသည် သဘာဝဂေဟစနစ်ကို ပျက်စီးစေရုံသာမက မိုးရာသီတွင် ထိုဖောက်ခွဲလိုက်သော ကျောက်များမှ ထွက်သော ထုံးများ အရည်ပျော်သွားကာ ရေအရင်းအမြစ်များ ရှိရာသို့ သွားရောက်၍ စုပြုံသွားခြင်းသည် ထုံးဓာတ်များသော ရေများ ဖြစ်လာစေခြင်းနှင့် ရေအရင်းအမြစ် ရှားပါးလာခြင်း အကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း ဒေသခံများက ယူဆကြသည်။
သက်ဆိုင်ရာ နှစ်ဖက် အာဏာပိုင်များအနေဖြင့် ဖားကန့်၏ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းသင့်ကြောင်းကို ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (KEJC) မှ ကိုပေါလ်က တိုက်တွန်းပြောကြားသည်။

“ကုမ္ပဏီတွေ၊ အာဏာပိုင်တွေ အနေနဲ့ တာဝန်ယူ ဖြေရှင်းသင့်တယ်။ NGOs၊ CSOs အဖွဲ့အစည်းတွေကလည်း ရေအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ်တယ်” ဟု ပြောကြားခဲ့သည်။
၁၉၉၀ ပြည့်နှစ် အရှေ့ပိုင်းကာလ ကုမ္ပဏီတွေက စက်ယန္တရားကြီးများ အသုံးပြုပြီး မတူးဖော်ခင် ဒေသခံများအတွက် ဥရုချောင်းကို အားထားကာ သောက်ရေ၊ သုံးရေ လွယ်ကူစွာ အသုံးပြုနိုင်ခဲ့ကြသော်လည်း လက်ရှိတွင် ဥရုချောင်းမှာ အဆိပ်သင့် မြစ်ချောင်းတစ်ခုအဖြစ်သာ ကျန်ရှိနေသည်။
Global Witness ရဲ့ အစီရင်ခံစာအရ ဖားကန့်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီလျံချီကာ ရရှိနေသော်လည်း ရေရှားပါးမှု ပြဿနာကို ယနေ့ထိတိုင် မဖြေရှင်းနိုင်သေးခြင်းမှာ မည်သူမှာ တာဝန်ရှိနေသနည်း ဆိုသည်မှာ မေးခွန်းအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

ဖားကန့်ဒေသသည် မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော တွင်းထွက်ရတနာများကို စုစည်းထားသည့် ဒေသတစ်ခုဖြစ်သည်။ ဒေသခံများအဖို့တော့ ဒေါ်လာဘီလီယံနှင့်ချီသည့် ကျောက်စိမ်းတုံးများအပေါ် ရပ်တည်နေထိုင်ရသော်လည်း သောက်စရာ ရေမရှိ၊ သုံးစရာ ရေမရှိသည့် ဖြစ်စဉ်ကို မည်သူမျှ တာဝန်ယူမှု မရှိခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
(ဒေသခံများ လုံခြုံရေးအတွက် အမည်အချို့ကို လွှဲပြောင်းအသုံးပြုထားပါသည်။)
“This story was supported by Internews’ Earth Journalism Network”
