နှစ်သစ်ကူး တစ်ပတ်တာအတွင်း စစ်အုပ်စုကြောင့် စစ်ကိုင်းဒေသအတွင်းမှာ လူ ၂၀ကျော် ထိခိုက်သေဆုံး
စစ်ကိုင်းတိုင်းအတွင်း အခုနှစ်စပိုင်း ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ ကလေးငယ်တွေနဲ့ စစ်ရှောင်တွေအပါအဝင် ၂၀ ဦးကျော် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ စစ်အုပ်စုက ဒီပဲယင်း၊ အင်းတော်၊ ကသာ၊ မုံရွာ၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ မြောင်၊ ခင်ဦး၊ ဝက်လက်၊ ကောလင်း စတဲ့မြို့နယ်တွေကို ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာစတဲ့ လေကြောင်းတိုက်ခိုက်မှု ပုံစံအမျိုးမျိုးနဲ့ ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေထဲမှာ မနေ့က ဇန်နဝါရီ ၆ ရက်နေ့မှာ စစ်အုပ်စုက စစ်ကိုင်းတိုင်း၊ ပေါက်ကန်ဘူတာရွာနဲ့ ရေသောက်ကန်ရွာ စာသင်ကျောင်းကို တံတားဦးတက်ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပေါင် ၃၀၀ ခန့် ဗုံးသီး သုံးလုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နှစ်လသားအရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦးနေရာမှာတင်သေဆုံးခဲ့ရပြီး နေအိမ်ပျက်စီးမှုအချို့နဲ့ ဒေသခံတွေထိခိုက်ခဲ့ရပါတယ်လို့ သိရပါတယ်။
“သေဆုံးသူတွေက ဒေသခံတွေဗျ၊ သေဆုံးမှုက ထပ်တိုးတယ်။ အသက် ၄၀ အရွယ် ဒေါ်သင်းကြိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက် ဆေးခန်းပို့တော့ ဦးခေါင်းထိပြီး လမ်းမှာ သေဆုံးသွားခဲ့ရတယ်” လို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာမှာ စာသင်ကျောင်းအနီး စစ်ရှောင်တွေစုဝေးနေထိုင်ရာ ဆီခြံကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တစ်နေ့တည်းမှာပင် စစ်ရေးပြင်းထန်နေတဲ့ ကသာမြို့နယ်ကိုလည်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်ခန့်အရွယ်ကလေးတစ်ဦးသေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ၂၀၂၆ ပထမ ရက်သတ္တပတ်အတွင်းမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၁၀ ခုခန့်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ကလေးသူငယ်တွေနဲ့ စစ်ရှောင်တွေအပါအဝင် ၂၀ ဦးကျော် သေဆုံးခဲ့ရပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။
ဒီအချက်အလက်တွေဟာ ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းအထိ CJ Platform က လက်ခံရရှိထားတဲ့ အချက်အလက်တွေသာ ဖြစ်တာကြောင့် မြေပြင်နဲ့ ကွာဟချက်တွေ ရှိနေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စစ်အုပ်စုက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ်လုပ်ဆောင်ခဲ့ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၁၇၀ ကျော် (၁၇၆ ဦး) သေဆုံးခဲ့ရကာ ၃၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားချက်အရသိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အများဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကောလင်းခရိုင် တပ်ရင်း (၂)
