လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ကောင်စီအထိုင်ချ တပ်စွဲထားတဲ့ စလင်းက ဓာတ်အားခွဲရုံကို တိုက်ခိုက်

Author CJ Platform
Categories
Published on Apr 07, 2025

မကွေးတိုင်း စလင်းမြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့လို့ ထရန်စဖော်မာများထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗမာ့တပ်တော် Bamar Army ရဲ့  မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ ၂၀၊ ကပစ ၂၁ နဲ့ ကပစ ၂၅နဲ့ ဆိပ်ဖြူမြို့ အမှတ်(၉) လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် တို့ကို အဓိကဓာတ်အားပေးနေတဲ့ တညောင်ဓာတ်အားခွဲရုံကို သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

တညောင်ဓာတ်အားခွဲရုံမှာ စစ်ကောင်စီ အင်အား ၈၀ ခန့် အထိုင်ချတပ်စွဲထားပြီး ဗမာတပ်တော် ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး ၄ နာရီ အကြာအပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

ဗမာ့တပ်တော်ရဲ့ ထုတ်ပြန်ထားချက်အရ ထရန်စဖော်မာ အလုံး ၈၀ ခန့် ပျက်စီးသွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ကပစ ၂၀၊ ၂၁၊ ၂၅ နဲ့ လစခ ၉ တို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ကာ စစ်ဆင်ရေးနဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့တယ် လို့သိရပါတယ်။

 

စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက စလင်းမြို့နယ်ရှိ စစ်ရေးနဲ့မသက်ဆိုင်တဲ့ တညောင်ဓာတ်အားခွဲရုံကို လက်နက်ငယ်များနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 

တိုက်ပွဲကို ဗမာ့တပ်တော် တပ်ရင်း(၇၀၇)၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ ဂန့်ဂေါခရိုင် ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ်ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ်ပကဖတပ်ဖွဲ့၊ မကွေးတိုင်းဒရုန်းလက်ရုံး တပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက တညောင်ဓာတ်အားခွဲရုံအနီးတစ်ဝိုက်ရှိ ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်း ကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာများပျက်ဆီးခဲ့ရပြီး ပြည်သူတချို့ ထိခိုက် သေဆုံးမှု ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိအင်အားပြင်းမြေငလျင်နဲ့ နောက်ဆက်တွဲမြေငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော်မှာ ထိခိုက်သေဆုံးမှုတွေ အများအပြားဖြစ်ပေါ်ခဲ့လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က စတင်ကာ ရက် ၂၀ ကြာ အပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတဝန်းမှာ စစ်ကြောင်းထိုးခြင်း၊ စုဖွဲ့ခြင်း၊ အရပ်သားပြည်သူတွေကို လက်နက်ကြီးများနဲ့ ပစ်ခတ်နေတဲ့ အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

 

ရုပ်သံ – Bamar Army