ရခိုင်က စစ်ဘေးရှောင်တွေ ဆောင်းရာသီအတွက် အနွေးထည်နဲ့စောင် လိုအပ်

Author သုတ
Categories
Published on Nov 08, 2024

ဆောင်းဝင်စပြုပြီဖြစ်တဲ့အတွက် ရခိုင်ပြည်က စစ်ဘေးရှောင်တွေဟာ အနွေးထည်နဲ့ စောင် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက စုံစမ်းသိရှိရပါတယ်။

 

စစ်ရှောင်တွေဟာ တိုက်ပွဲကြားက အသက်လု ထွက်ပြေးခဲ့ရတာကြောင့် ဆောင်းရာသီအတွက် ဝတ်စရာ အနွေးထည်တွေ မယူဆောင်နိုင်ခဲ့ကြဘဲ အခုလို အခက်အခဲတွေ ကြုံနေရတာလို့ ဆိုပါတယ်။

 

“ညီမတို့ဆိုရင် မိသားစုလိုက်ပြောင်းလာတာ။ ဘာမှကို ယူလို့ အဆင်မပြေဘူး။ အဝတ်အစားအနည်းငယ်စီ ထုတ်ပိုးပြီး မိသားစုလိုက် ထွက်လာရတာ။ အသစ်ဝယ်ဖို့လည်း မလွယ်သလို ငွေလည်းမရှိဘူး။ အခုက အေးလာပြီလေ။ အနွေးထည်၊ စောင်မရှိတော့ အအေးမိတာ၊ နှာစေးတာမျိုးတွေ ဖြစ်ကြတယ်”လို့ ရသေ့တောင်မြို့နယ်က အသက် ၃၀ ကျော် စစ်ဘေးရှောင် အမျိုးသမီးယောက်က CJ Platform ကို ပြောပါတယ်။

 

ရခိုင်ပြည်တဝန်း စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်အထိ ရှိလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

 

စစ်ဘေးရှောင်ဦးရေ များပြားလာပေမဲ့ နိုင်ငံတကာအကူအညီပေးရေး NGO/INGO တွေနဲ့ ပြည်တွင်းအလှူရှင်တွေ မရှိသလောက် နည်းပါးနေတယ်လို့ ရခိုင်အရေး တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

 

ဒါကြောင့် ပြည်ပရောက် ရခိုင်တွေနဲ့ ငွေကြေးတတ်နိုင်သူ ဒေသခံတချို့ရဲ့ ကိုယ်ထူကိုယ်ထ လှူဒါန်းမှုတွေနဲ့သာ စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ  လှူဒါန်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

“အကယ်၍ ဒီဆောင်းရာသီမှာ ကျွန်တော်တို့ဘက်က စောင်တွေ၊ အနွေးထည်တွေ ကြိုမပေးထားနိုင်ဘူးဆိုရင် ထိခိုက်ခံရမဲ့ အုပ်စုတွေရှိတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေ၊ နောက်ပြီး ကလေးသူငယ်တွေအတွက် စိုးရိမ်လို့ ကြိုတင်ပြင်ဆင်မှုတွေရှိပါတယ်”လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

 

ရခိုင်ပြည်ကို  စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားတာကြောင့် အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေအပြင် အခြား လူသုံးကုန်ပစ္စည်းတွေ စျေး အဆမတန် မြင့်တက်နေပြီး ပစ္စည်းပြတ်တောက်မှုတွေနဲ့လည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ဒီထက်အေးလာရင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေက နေမကောင်းဖြစ်တာ ပိုများလာမယ်။ အရင်လို တောတောင်တွေမှာ မိုင်းကြောင့် ထင်းတွေဘာတွေရှာဖို့လည်း မလွယ်တော့၊ မီးလှုံဖို့တောင် မလွယ်ကူကြဘူး။ ဒါကြောင့် ကူညီလှူဒါန်းပေးကြစေချင်တယ်”လို့  မြောက်ဦးမှာ စစ်ဘေးရှောင်နေသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

 

လက်ရှိမှာ ရခိုင်ပြည်က စစ်ဘေးရှောင်တွေဟာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ မြေလွတ်တွေမှာ တဲထိုးနေထိုင်တာနဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ အဆင်ပြေသလို နေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

စစ်ဘေးရှောင် ခြောက်သိန်းကျော်အတွက် အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေကို ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO )နဲ့ ပြည်တွင်းနဲ့ ပြည်ပရောက် ရခိုင်လူမျိုးတွေက ထောက်ပံ့ကူညီပေးတာတွေရှိပေမဲ့ စစ်ဘေးရှောင်ဦးရေ များပြားတဲ့အတွက် အပြည့်အဝ ကူညီနိုင်ဖို့ အခက်အခဲ ရှိနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

 

ဓာတ်ပုံ- သုတ

ပုံစာ- ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခု (ပုံဟောင်း)