“ဒီကနေ့ နိုဝင်ဘာ ၇ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်တို့မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ချင်းပြည်နဲ့ ကရင်ပြည်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းက ဆက်လက်တည်ရှိနေပြီး လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ့် အခြေအနေနည်းပါးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့ညနေပိုင်းမှာ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒီကနေ့ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ဧရာဝတီတိုင်းတောင်ပိုင်းဒေသတွေမှာ မိုးအလွန်များမယ့်အပြင် မြေပြင်လေတိုက်နှုန်းကလည်း တစ်နာရီကို ၁၀ မိုင်ကနေ ၂၅ မိုင်ခန့်တိုက်နိုင်ပြီး လေရော၊ မိုးပါ လာမှာဖြစ်လို့ စပါးရိတ်တောင်သူတွေနဲ့ ပင်လယ်ပြင်ရေလုပ်သားတွေ အထူးသတိထားကြဖို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
ပင်လယ်ကမ်းရိုးတန်းအနီးက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့အထိ မိုးဆက်ရွာနေမှာဖြစ်ပြီး မြစ်ဝကျွန်းပေါ်ကမ်းနီးပင်လယ်ပြင်မှာတော့ လေတိုက်နှုန်း တစ်နာရီကို မိုင် ၂၀ ကနေ မိုင် ၃၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း(အရှေ့ခြမ်းနဲ့ အနောက်ခြမ်း)နဲ့ ကယားပြည်နယ်တွေမှာလည်း မိုးများနိုင်ပြီး ရှမ်းပြည်နဲ့ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာတော့ မိုးများနိုင်ချေလျော့ကျပြီး မိုးအသင့်အတင့်နဲ့ ကွက်ကြားမိုးသာ ရွာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အရှေ့ တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ငါးပေကနေ ရှစ်ပေခန့်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နဲ့ မွန်ပြည်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေတယ်လို့ မိုးဇလက အကြံပြုထားပါတယ်။
“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
Source – မိုးဇလ