အားလုံးပါဝင်တဲ့ ဆွေးနွေးရေးလမ်းစဉ်ကို ထောက်ခံတယ်လို့ ကုလနဲ့ အမေရိကန်အပါအဝင် ကိုးနိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်

Author အကြင်နာ
Categories
Published on Jan 07, 2025

စစ်မှန်၊ အပြုသဘောဆောင်ပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ အပြန်အလှန်ဆွေးနွေးမှုနဲ့ မြန်မာနိုင်ငံအခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးစားမှုနဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုများအပေါ် ဆက်လက် အားပေးထောက်ခံတယ်လို့ ကုလနဲ့ အမေရိကန်အပါအဝင် ကိုးနိုင်ငံရဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

 

ဒီပူးတွဲကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ ဗြိတိန်တို့က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လာတာပါ။

 

ဒီလိုဆွေးနွေးရာမှာ ဖိနှိပ်ခွဲခြားခံ ရိုဟင်ဂျာအရေးလည်း ပါဝင်ရမယ်လို့ ထည့်သွင်းပြောထားပါသေးတယ်။

 

ဒီနိုင်ငံအစိုးရတွေကနေ မြန်မာနိုင်ငံထဲမှာရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာဖို့ဖြစ်တယ်လို့ ပြောပါတယ်။

 

သူတို့ကြေညာချက်အစမှာ အကြမ်းဖက်မှုနဲ့ လူမှုအသိုက်အဝန်းကြား တင်းမာမှုတွေက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတာကြောင့် ဒီအပေါ် အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ ပြောထားပါတယ်။

 

အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူတွေအပေါ် ဆက်လက်ပြီးအကြမ်းဖက်ဖိနှိပ်နေတာကို လက်မခံနိုင်ဘူးလို့လည်း သူတို့က ဆက်ပြောထားပါသေးတယ်။

 

အဲဒီနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။

 

တဖန် ပဋိပက္ခကို ရပ်တန့်ဖို့၊ တင်းမာမှုတွေ ဖြေလျှော့ဖို့နဲ့ မတရားဖမ်းဆီးခံနေရသူအားလုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ်ကဆုံးဖြတ်ချက်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ဖို့ကိုလည်း တိုက်တွန်းတယ်လို့လည်း ပြောထားပါသေးတယ်။

 

အဲဒီနောက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အာဆီယံရဲ့ အခန်းကဏ္ဍကို အပြည့်အဝထောက်ခံတယ်လို့ ကုလနဲ့ ကိုးနိုင်ငံရဲ့ ပူးတွဲကြေညာချက်ထဲ ထည့်ပြောထားပါသေးတယ်။

 

ပြည်တွင်းပဋိပက္ခကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရတဲ့အထဲ တချို့မှာ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကထုတ်ပြန်တဲ့ပူးတွဲကြေညာချက်အရ သိရပါတယ်။

 

အခုအခါ လူဦးရေ ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကို အလွန်အမင်းရင်ဆိုင်နေကြရတဲ့အပြင် ဆေးဝါးအကူအညီတွေ ပေးပို့ခြင်းအပေါ် ကန့်သတ်မှုတွေကြောင့်လည်း ကာလဝမ်းရောဂါအပါအဝင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုတွေလည်း ဖြစ်ပွားနှုန်းတိုးမြင့်နေတယ်လို့ ပြောထားပါတယ်။

 

Related News

Depend on news