ရွှေပြည်သာမှာ အခန်း ၈၀ ပါ လူနေအဆောင်မီးလောင်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်

Author ကိုထက်
Categories
Published on Jan 07, 2025

ရွှေပြည်သာမှာ အခန်း ၈၀ ပါ လူနေအဆောင်မီးလောင်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်

 

CJ Platform

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ ဇန်နဝါရီလ ၇ ရက် မနက် ၅ နာရီခန့်က လူနေအခန်းတွဲအဆောင် မီးလောင်မှုဖြစ်ပွားမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးတဲ့အပြင် တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

 

အဲဒီမြို့နယ် အမှတ် ၅ ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းပေါ်က လူနေအခန်း ၈၀ ရှိတဲ့ အဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

“တစ်နာရီကျော်ကျော်လောက် ငြှိမ်းလိုက်ကြရတယ်။ အမျိုးသမီးတစ်ဦး Dead body နဲ့ ခွေးလေးတစ်ကောင် Dead body ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။

 

ဒီမီးလောင်မှုမှာ အဆောင်အခန်းတွဲ သုံးတွဲမီးလောင်ပြာကျခဲ့ရပြီး နောက်ထပ်သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။

 

“မီးပြတ်နေတာလေ၊ လောင်တဲ့အချိန်က။ လျှပ်စစ်လျှော့ဖြစ်တာတော့ မဖြစ်နိုင်ဘူး။ အလုပ်သမားတွေ ထမင်းချိုင့်အတွက် မီးသွေးမီးနဲ့ချက်ရာက လောင်တယ်လို့ထင်တယ်” လို့ ရွှေပြည်သာမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

 

‌မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး Level – 1 အဆင့်သတ်မှတ် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပေမဲ့ သေဆုံး/ဒဏ်ရာရတာတွေကိုတော့ မထုတ်ပြန်ပါဘူး။

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း/SPT Information