7 ဇူလိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ …
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကျုပ်တို့ လက်ရှိရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ ဗိုလ်နေဝင်းဦးဆောင်သော စစ်တပ်ဟာ ပါလီမန်ဒီမိုကရေစီအစိုးရဆီကနေ နိုင်ငံတော်အာဏာကို သိမ်းယူပြီး ကျုပ်တို့တိုင်းပြည်မှာ စစ်အာဏာရှင်မျိုးစေ့ကို စတင်စိုက်ပျိုးခဲ့ကြပါတယ်။ တကယ်တော့ ၁၉၅၈ ခုနှစ်မှာကတည်းက ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရက စစ်တပ်ကို နိုင်ငံတော်အာဏာလွှဲပေးပြီးနောက် စစ်တပ်က ၂နှစ်လောက် တိုင်းပြည်ကိုအုပ်ချုပ်ပြီး စစ်အာဏာရှင်မျိုးစေ့ကို ရေလောင်းပေါင်းသင်ပြီး ပြုစုပျိုးထောင်နေခဲ့တာပါ ။
ဗိုလ်နေဝင်းခေါင်းဆောင်သည့် စစ်တပ် နိုင်ငံတော်အာဏာကို သိမ်းပြီးနောက် ပြည်သူလူထုအနေနဲ့ ၁၉၅၈ ခုနှစ်ကလဲ စစ်တပ်က အာဏာယူခဲ့တာပဲ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးမှာပဲဆိုတဲ့ အသိနဲ့သိပ်လှုပ်ရှားမှုမရှိပေမယ့် ကျောင်းသားများကတော့ စစ်တပ်အာဏာသိမ်းခြင်းကို လက်မခံပဲ ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။စစ်တပ်က အာဏာသိမ်းပြီး နောက်နှစ်ရက်အကြာ ၁၉၆၂ မတ်လ ၄ ရက်နေ့တွင် တကသ၊ရကသနှင့်ဗကသ စသော ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ထိုအချိန်က ဗမာတပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)၏ ဥက္ကဌဖြစ်သူ ခင်မောင်အုန်းက စစ်တပ်အာဏာသိမ်းပြီး ဗိုလ်နေဝင်းဖွဲ့စည်းလိုက်သော တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း မတ်လ ၆ ရက်နေ့မှာ သူလက်မှတ်ထိုးထားသော ကြေညာချက်ကို ထုတ်ပြန်သဖြင့် ဗကသအဖွဲ့ချုပ်က အရေးပေါ် အမှုဆောင်အစည်းအဝေးခေါ်ယူကာ ဒုဥက္ကဌဖြစ်သူ ကိုသက်ကို ဥက္ကဌတင်မြှောက်လိုက်ကြပါတယ်။
၁၉၆၂ ခုနှစ်မေလ ၉ ရက်နေ့မှာ ကျောင်းသားသမဂ္ဂသုံးခုပူးပေါင်း၍ ဒတ်ခ်ျသံရုံးရှေ့တွင် ဆန္ဒပြသဖြင့် ဗကသဥက္ကဌ ကိုသက်အပါအဝင် ကျောင်းသားခေါင်းဆောင်များ အဖမ်းခံလိုက်ရပါတယ်။ ထိုနေ့မှာပင် ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီမှ ဥပဒေ ၃ နှင့် ၄ ကိုထုတ်ပြန်ပြီး ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်အက်ဥပဒေကိုဖျက်သိမ်းကာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များပါဝင်သည့် အစိုးရကိုယ်စားလှယ်များ၊ တက္ကသိုလ်ဌာန အသီးသီးမှ ပါမောက္ခများနှင့်ဖွဲ့စည်းထားသော တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းလိုက်ပါတယ်။
၁၉၆၂ မေလ ၁၄ ရက်နေ့မှာတော့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီက အမိန့်အမှတ် ၃၈ ကိုထုတ်ပြန်ပြီး မိုးကျရွှေကိုယ်စစ်ဗိုလ်တွေနဲ့ တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။
၁၉၆၂ ခုနှစ် ဇွန်လ ၁၇ နှစ်ရက်နေ့တွင် ဗိုလ်နေဝင်း၏ လက်ကိုင်တုတ်များဖြစ်သော မိုးကျရွှေကိုယ်တက္ကသိုလ်ကောင်စီဝင်များက ဒဂုံရိပ်သာတွင် အစည်းအဝေးကျင်းပပြီး ဇွန်လ ၁၈ ရက်နေ့တွင် အဆောင်နေကျောင်းသားများကို မတရားသဖြင့်ချုပ်ချယ်သော ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ဆိုသည်မှာ အဆောင်နေကျောင်းသားများကို ရည်ရွယ်ချက်ရှိရှိနှင့် ဖိနှိပ်ချုပ်ချယ်ကာ ကျောင်းသားစိတ်ဓါတ်ကို ချိုးနှိမ်ခြင်းပင်ဖြစ်ပါတယ်။ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းမှုကို ဆူဆူပူပူနှင့် ဆန့်ကျင်ကြသူများမှာ ကျောင်းသားသမဂ္ဂများဖြစ်သောကြောင့် အညှိုးနှင့်လုပ်ခြင်းဖြစ်နိုင်သကဲ့သို့ ပထမကျောင်းသားသပိတ်ကြီးက အစပြုခဲ့သော ကျောင်းသားလှုပ်ရှားမှု သမိုင်းအစဉ်အလာကို ကောင်းကောင်းသိသော ဗိုလ်နေဝင်းက စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချနေသည့်အချိန်တွင် ကျောင်းသားထုက ဆန့်ကျင်တော်လှန်ခြင်းမပြုစေရန် ကျောင်းသားတပ်ဦးများဖြစ်သော ကျောင်းသားသမဂ္ဂများကို ဦးချိုးထားဖို့လိုသည်ဟု ယူဆခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။
ဇူလိုင်လဆန်းပိုင်းတွင် ကျောင်းသားထုအစည်းအဝေးပွဲများကျင်းပခဲ့ကြပြီးနောက် မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ထားသော စည်းကမ်းများကို ကန့်ကွက်ကြောင်း ကျောင်းသားထုက ဆုံးဖြတ်လိုက်ကြပါတယ်။ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂမှလည်း ဇူလိုင်လ ၃ ရက်နေ့တွင် သမဂ္ဂခန်းမတွင် ကျောင်းသားထုအစည်းအဝေးပွဲ ကျင်းပပြီး ကမောက်က မပညာရေးစနစ် ဖျက်သိမ်းရေးနှင့် တမင်ဖိနှိပ်ထားသည့် အဆောင်စည်းကမ်းများကို ရုပ်သိမ်းပေးရန်တောင်းဆိုခဲ့ကြတယ်။ ဇူလိုင် ၅ ရက်နေ့တွင်လည်း တကသ၊ရကသ၊ဗကသစတဲ့ သမဂ္ဂကြီးသုံးခုမှ ဦးဆောင်၍ ဒတ်ခ်ျသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပါတယ်။
သို့သော် အာဏာသိမ်းတော်လှန်ရေးကောင်စီက ကျောင်းသားထု၏ ဆန့်ကျင်မှုများကို မျက်ကွယ်ပြကာ အဆောင်စည်းကမ်းသစ်များကိုအကောင်အထည်ဖေါ်ရန် ဇူလိုင်လ ၆ ရက်နေ့တွင် တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို စိတ်တိုင်းကျပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ် ။ထိုအခါ ကျောင်းသားထုသည် မခံမရပ်နိုင်ဖြစ်ကာ အဆောင်များမှ ကျောင်းသားများသည် တက္ကသိုလ်ကျောင်း ပရဝုဏ်အတွင်းတွင် လှည့်လည်ဆန္ဒပြကြပါတယ်။ဇူလိုင် ၆ ရက်နေ့ညပိုင်းထိ ကျောင်းအဆောင်များကို ကာရံထားသည်များကို ချိုးဖျက်ခဲ့ကြပြီး တက္ကသိုလ်အုပ်ချုပ်ရေးမှူးဦးယုခင်အိမ်နှင့်တော်လှန်ရေးကောင်စီကခန့်ထားသော ပါမောက္ခဦးကာ အိမ်တို့ကို ဝိုင်းကာ ဆန္ဒပြခဲ့ကြပါတယ် ။
ဇူလိုင်လ ၇ ရက်နေ့တွင် သမဂ္ဂအစည်းအဝေးခန်းတွင် တကသဥက္ကဌကိုဘဆွေလေးမှ ဥက္ကဌအဖြစ်တာဝန်ယူကာ ကျောင်းသားထုအစည်းအဝေးကျင်းပ၍ ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများကို ရုပ်သိမ်းပေးရေးနှင့် တက္ကသိုလ်အက်ဥပဒေများ ဖျက်သိမ်းခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကျောင်းပရဝဏ်အတွင်း ငြိမ်းချမ်းစွာလှည့်လည် ဆန္ဒပြကြပါတယ်။ ထိုအချိန်မှာ ဟံသာဝတီအဝိုင်းနားရှိ မြန်မာအသံဝန်းအတွင်း တော်လှန်ရေးကောင်စီက ကွပ်ကဲရေးရုံးဖွင့်ထားပြီး သူတို့၏ လက်ကိုင်တုတ်တပ်ကို စစ်ခေါင်းဆောင်များကိုယ်တိုင် စီစဉ်ညွှန်ကြားနေပါတယ်။
ကျောင်းသားထုက ငြိမ်းချမ်းစွာဆန္ဒပြပြီးနောက် နေလည်တွင် ဘွဲ့နှင်းသဘင်ရှေ့၌ လူစုခွဲနေသည့်အချိန် လုံထိမ်းရဲများမှ တကသဥက္ကဌ ကိုဗဆွေလေး၊ဗကသဥက္ကဌကိုသက်နှင့်ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းအပါအဝင်ကျောင်းသားများကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တကသအဆောက်အဦးကိုပါ စီးနင်းလိုက်ကြရာကနေ ကျောင်းသားထုနှင့် လုံထိန်းတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။လုံထိန်းများက ကျောင်းသားထုကို နံပါတ်တုတ်များ ၊မျက်ရည်ယိုဗုံးများအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲသဖြင့် ကျောင်းသားအများအပြား ထိခိုက်ဒဏ်ရာရကြပြီး လုံထိန်းများကို ခဲများဖြင့် ပစ်ပေါက်၍ တုန့်ပြန်ကြပါတယ်။ ကျောင်းသားများမှာ သွေးသံရဲရဲဖြင့် ထိခိုက်ဒဏ်ရာရနေသော ကျောင်းသားများကိုမြင်ပြီး အုံကြွကာ လုံထိန်းများကို ခဲများနှင့်ပစ်ပေါက် တိုက်ခိုက်သဖြင့် လုံထိန်းများ ကျောင်းဝန်းအတွင်းမှ ပြန်လည်ဆုတ်ခွာသွားပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ဒုဗိုလ်မှူးကြီးလှမြင့်နှင့် သားသတ်သမားဟုခေါ်ကြသော ဒုဗိုလ်မှူးကြီးစိန်လွင်ခေါင်းဆောင်သည့် ဗိုလ်နေဝင်း၏ ကိုယ်ရံတော်အထူးတပ် တပ်ရင်း ၄ ရောက်လာပြီး လုံထိန်းများထွက်သွားချိန်တွင် အခြေအနေတည်ငြိမ်စွာရှိနေသဖြင့် ဟောပြောပွဲများပြုလုပ်နေသော ကျောင်းသားထုကို ဂျီသရီး ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်အသစ်များနှင့် မနားတန်း ရက်ရက်စက်စက်ပစ်ခတ် သတ်ဖြတ်ပါတော့သည်။ တိုင်းတပါးသားနယ်ချဲ့ ကိုလိုနီများပင်လျှင် ကျောင်းသားလှုပ်ရှားမှုများအပေါ် ဤမျှလောက် ရက်စက်စွာ တိုက်ခိုက်ခြင်းမပြုခဲ့သော်လည်း ဗိုလ်နေဝင်း၏ အာဏာသိမ်း တော်လှန်ရေးကောင်စီက တိုင်းပြည်၏တန်ဖိုးမဖြတ်နိုင်သော ကျောင်းသားများကို ရန်သူများသဖွယ် ရက်ရက်စက်စက် သတ်ဖြတ်တိုက်ခိုက်ခဲ့ချေပြီ။ အကြောင်းအမျိုးမျိုးပြပြီး တိုင်းပြည်အာဏာကို လက်နက်ပြခြိမ်းခြောက်သိမ်းယူကာ မြန်မာပြည်စစ်အာဏာရှင်မျိုးဆက်၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်သူ ဗိုလ်နေဝင်းနှင့်အပေါင်းအပါတို့သည် ပြည်သူ့ရစ်နှစ်သည်းချာ ရတနာများဖြစ်သည့် အနာဂတ်ခေါင်းဆောင်ကျောင်းသားများ၏သွေးနှင့် သမိုင်းဂုဏ်သိက္ခာကြီးမားလှသော ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမကြီးကို လိမ်းကြန်ခဲ့ကြပြီတကား။
ဗိုလ်နေဝင်း၏ အကြမ်းဖက်သမားရုပ်သွင်ကို ထိုသို့သောနည်းဖြင့် ဖေါ်ပြခဲ့ပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ ဇူလိုင်လ ၈ ရက်နေ့မနက်အစောကြီးပိုင်းတွင် ကျောင်းသားသမဂ္ဂများ၏ မိခင်သဖွယ်တင်စားထားကြသည့် တကသ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးအား မိုင်းခွဲဖျက်ဆီးလိုက်ကြပါတယ်။
ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းပစ်ခတ်မှုတွင် ကျဆုံးသူများ၏ အလောင်းများ၊ ဒဏ်ရာရသူများနှင့် ကျောင်းသားရာနဲ့ချီ သမဂ္ဂအဆောက်အဦးထဲတွင် ဝင်ရောက်ခိုလုံနေကြသည်ကို သိသိကြီးနှင့်ပင် ကိုအောင်ဆန်းလို ကိုအောင်ကျော်တို့လို ကိုဗဟိန်းတို့လို လက်ဝဲ ၊ လက်ယာ နိုင်ငံရေးသမားများကို မွေးထုတ်ပေးလိုက်သော သမိုင်းဝင်သမဂ္ဂ အဆောက်အဦးကြီးကို မိုင်းခွဲဖျက်ဆီးခြင်းသည် ယနေ့အချိန်အထိ အဓွန့်ရှည်နေသော စစ်အာဏာရှင်စနစ်၏ ပထမဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပင်ဖြစ်ပါသည်။ ဖက်ဆစ်သွေးပါသည့် စစ်တပ်၏ မင်းသားခေါင်းဆောင်းကွာကျသွားပြီဖြစ်သဖြင့် ဗိုလ်နေဝင်းက တကသအဆောက်အဦးကို မိုင်းခွဲသည့်နေ့တွင်ပင် ၎င်းပြောသောမိန့်ခွန်းတွင် ” အနည်းဆုံး ဓါးကိုဓါးခြင်း လှံကိုလှံခြင်း ဆိုင်ဖို့သာရှိတော့တယ် “ဟု ကျောင်းသားထုကို တည့်တည့်ပင် စိန်ခေါ်ခဲ့ပါတယ်။
ထို့နေ့က ဖြစ်စဉ်တွင် ကျောင်းသားများရာနှင့်ချီ၍ ကျဆုံးခဲ့ကြသော်လည်း တော်လှန်ရေးကောင်စီ၏ သတင်းဌာနများက ၁၇ ဦးသာ သေဆုံးသည်ဟု လိမ်လည်ထုတ်ပြန်ခဲ့ပါတယ်။ ဗိုလ်နေဝင်း စတင်ပျိုးထောင်ခဲ့သော စစ်အာဏာရှင်စနစ်နှင့်အတူ တာဝန်မခံရဲသော လိမ်ညာတတ်သည့်အကျင့်ကိုပါ နောင်စစ်အာဏာရှင် မျိုးဆက်များသည်လည်း ဆက်ခံခဲ့ကြပါတယ်။ထိုစဉ်ကလည်း သမဂ္ဂအဆောက်အဦးကို မိုင်းခွဲရန် မည်သူအမိန့်ပေးခဲ့သနည်းဆိုသည့်မေးခွန်းကို စစ်ခေါင်းဆောင်ဟောင်းများက ဟိုလူ့လွှဲချ ဒီလူ့လွှဲချနှင့် အဖြေမပေါ်ခဲ့ပေ။
၆၂ ခုနှစ်မျိုးဆက်ဖြစ်တဲ့ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေကတော့ 7 July နဲ့ပတ်သက်လို့ ဗိုလ်နေဝင်းကစပြီး စစ်ခေါင်းဆောင်အားလုံးမှာတာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။သို့ပေမယ့် ဒီနေ့ထိတိုင်အောင် လွန်ခဲ့သော ၆၁ နှစ်က ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေဟာ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေကြတုန်းပါပဲ။ဒီလို အပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကြောင့် စစ်အာဏာရှင်စနစ်ဆိုတဲ့ အဆိုးသံသရာကြီးက ကျုပ်တို့ရဲ့တိုင်းပြည်မှာလည်ပတ်နေပြီး အလာတူအဖြစ်ဆိုးတွေကလည်း သည်ကနေ့အထိ အထပ်ထပ်အခါခါ တွေ့မြင်ခံစားနေကြရခြင်းဖြစ်ပါတယ်။
၁၉၆၃ ခုနှစ် ဇူလိုင်လတွင် 7 July မှစ၍ ပိတ်ထားသောကျောင်းများ ပြန်ဖွင့်ခဲ့ပါတယ်။ မိုင်းခွဲခံခဲ့ရသော ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာတွင် ရွက်ဖျင်တဲထိုး၍ ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ဆောက်ခဲ့ကြပြီး လွန်ခဲ့သောတနှစ်က ကျဆုံးခဲ့သူများကို ရာကျော်ကျောက်တိုင် စိုက်ထူဂုဏ်ပြုခဲ့ကြပါတယ်။ ထို ရာကျော်ကျောက်တိုင်ဖွင့်ပွဲတွင် ဆရာကြီးသခင်ကိုယ်တော်မိုင်းက ” အဆောက်အဦးကိုသာ ဖြိုလို့ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကိုတော့ ဘယ်သူမှဖြိုလို့မရဘူး ” ဟု သမိုင်းဝင်စကားကို မိန့်ကြားခဲ့ပါတယ်။
ဆရာကြီး၏ မိန့်ကြားမှုအတိုင်းပင် ပထမကျောင်းသားသပိတ်ကြီးမှ မြစ်ဖျားခံခဲ့သော ကျောင်းသားထုညီညွှတ်ရေးစိတ်ဓါတ်သည် ဘယ်သောအခါတွင်မှ ပြိုပျက်သွားရိုးမရှိခဲ့ပဲ ယနေ့နွေဦးတော်လှန်ရေးကြီးအထိပင် ကျောင်းသားများသည် တပ်ဦးတွင်အစဉ်ရှိနေသည်ကို တွေ့ရပါတယ်။
7 ဇူလိုင်စိတ်ဓါတ်ကို စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးများတောက်လျှောက်နှင့် ယနေ့ နွေဦးနွေဦးတော်လှန်ရေးကြီးအထိ ကျောင်းသားမျိုးဆက်များက လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သည်မှာ ဒီကနေ့တွင် ၆၁ နှစ်တိုင်ခဲ့လေပြီ။
7 ဇူလိုင် စိတ်ဓါတ်အဓွန့်ရှည်ပါစေ ။ ။
ဓာတ်ပုံ – ကလေးသပိတ်အင်အားစု