ရန်ကုန်မှာ စားဆီရရှိမှု ပိုမိုဆိုးရွားလာ၊ ပြင်ပဈေး တစ်ပိဿာ ကျပ် ၁၅,၀၀၀ ထိမြင့်တက်

Author ကိုထက်
Categories
Published on Aug 06, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့မှာ စားသုံးဆီရရှိမှု ပိုမိုဆိုးရွားလာနေပြီး စစ်ကောင်စီရဲ့ စားသုံးဆီလက်ကားရည်ညွှန်းဈေးမြင့်တက်တဲ့အပြင် ပြင်ပဈေးလည်း လိုက်ပါမြင့်တက်လာတယ်လို့ စားဆီဈေးကွက်အတွင်းမှ သိရပါတယ်။

 

စစ်ကောင်စီရည်ညွှန်းဈေးဟာ စားဆီဈေးတွေ စတင်မြင့်တက်ခဲ့တဲ့ အခုနှစ် ဇွန်လအတွင်း တစ်ပိဿာ ၅၃၇၀ ကျပ်ကနေ ယခုအခါ တစ်ပိဿာ ကျပ် ၅၇၈၀ ကျပ်အထိ တက်လာတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ပြင်ပပေါက်ဈေးမှာတော့ အရင် ဇွန်လအတွင်းက တစ်ပိဿာကို ၁၃,၀၀၀ ကျပ် မှ ယခုအခါ ၁၅,၀၀၀ ကျပ်အထိမြင့်တက်လာတယ်လို့ စားဆီဈေးကွက်အတွင်းမှ သိရပါတယ်။

 

“ဆီ ၅၀ သားရဖို့ကို ရောင်းပေးမယ့် အချိန်ထက် နှစ်နာရီလောက် စောရောက်ပြီး တန်းစီတာတောင် ကိုယ့်အလှည့်ရောက်မှ ဆီမရှိတော့တာတွေလည်းကြုံရတယ်။ ပြန်ကြားရတာတော့ ဆီကိုယ်စားလှယ်တွေကိုယ်တိုင်ကိုက ပြင်ပ‌ဈေးနဲ့ ရောင်းချတာတွေရှိတယ်လို့ သိရတယ်” လို့ အင်းစိန်မြို့နယ်က အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စားသုံးဆီဝယ်ယူရဖို့ ရပ်ကွက်လူကြီးက လိုက်ဝေပေးတဲ့ ဆီဝယ်ယူခွင့်ကတ်တစ်ကတ်ကို ၅၀ ကျပ်သားဝယ်လို့ရပြီး တန်းစီဈေးနှုန်းက တစ်ပိဿာ ၆၄၀၀ ကျပ်အထိမြင့်တက်လာတယ်လို့ စားသုံးသူများထံမှ သိရပါတယ်။

 

“ရပ်ကွက်လူကြီးက ဆီကတ်လိုက်ဝေတယ်။ သက်ဆိုင်တဲ့ကိုယ်စားလှယ်ဆိုင်တွေမှာ သွားတန်းစီရတာ။ ကတ်တစ်ကတ်ဆို ၅၀ သားဝယ်လို့ရတယ်။ လူတစ်ယောက်ကို အများဆုံး လေးကတ်လောက်ထိပဲ။ နှစ်ပိဿာပဲ ရောင်းပေးတယ်။ ဈေးက ၃၂၀၀ ဖြစ်သွားတယ်။ စဝယ်ရတုန်းကမှ ၂၀၀၀ ပဲရှိတာ” လို့ လှိုင်သာယာမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံဆီကုန်သည်များအသင်းကတော့ ရန်ကုန်တိုင်း ၄၄ မြို့နယ်အတွင်း တစ်အိမ်ထောင် နှစ်ပိဿာနှုန်းဖြင့် တစ်ပိဿာကို ကျပ် ၇၇၀၀ နဲ့ ဇူလိုင် ၃၁ ရက်မှစတင်ပြီး အိမ်တိုက်ရာရောက်စနစ်နဲ့ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ စားအုန်းဆီပြတ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် တန်းစီဝယ်ယူရမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ အခုထိပါပဲ။

 

အခုနှစ် ဇွန်လအတွင်းကစလို့ စားအုန်းဆီပြတ်လပ်မှု ပြန်လည်ဖြစ်ပေါ်နေပြီး ယခုဒုတိယအကြိမ်ပြတ်လပ်မှုက ပထမတစ်ကြိမ်ထက် ပိုမိုဆိုးရွားလာနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံ – ကိုထက်