ရန်ကုန်မှာ ရွှေဆိုင်တွေ ပြန်ဖွင့်ပေမဲ့ အရောင်းအဝယ် မရှိသလောက် နည်းပါး၊ ပြင်ပဈေးကွက် ဆက်ပိတ်

Author ကိုထက်
Categories
Published on Jun 06, 2024

စစ်ကောင်စီရဲ့ အဖမ်းအဆီးတွေကြောင့် ပိတ်ထားတဲ့ ရန်ကုန်မြို့က ရွှေဆိုင်တွေ ဒီကနေ့ ဇွန်လ ၆ ရက်မှာ တော်တော်များများပြန်ဖွင့်ကြပေမဲ့ အရောင်းအဝယ်မရှိသလောက် နည်းပါးနေတယ်လို့ အဲဒီက အရောင်းဝန်ထမ်းတွေဆီက သိရပါတယ်။

ရန်ကုန်မြို့တွင်းက ရွှေဆိုင်အများအပြားရှိရာ မဟာဗန္ဓုလလမ်းနဲ့ ရွှေဘုံသာလမ်းပေါ်က ရွှေဆိုင်တွေအပြင် ရွှေဆိုင်အများအပြားဖွင့်လှစ်လာတာကို တွေ့မြင်ရပါတယ်။

“ကျွန်တော်တို့က ဆိုင်ပိတ်ထားရင်ဖြစ်ဖြစ်၊ သတ်မှတ်ဈေးနဲ့မရောင်းရင်ဖြစ်ဖြစ်အရေးယူမယ်။ ဆိုင်ကပစ္စည်းတွေပါသိမ်းမယ်ဆိုလို့သာ ဖွင့်ထားတာ။ သူတို့သတ်မှတ်တဲ့ဈေးနဲ့က ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ပြင်ပမှာ ကြိုက်ရောင်းကြိုက်ဝယ် သိန်း ၅၀ ကျော်တွေမှာပဲ ရှိတယ်” လို့ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ ‌ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ပြန်ဖွင့်လာတဲ့ရွှေဆိုင်တွေထဲ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးအောင်ဆန်းဝင်းပိုင်တဲ့ အောင်သမာဓိရွှေဆိုင်တွေ၊ ဦးဆန်းဝင်းပိုင် ဇွဲထက်ရွှေဆိုင်တွေအပါအဝင် ဝိန့်စိန်ရွှေဆိုင်တွေလည်း ဖွင့်လှစ်လာခဲ့တာ မြင်တွေ့ရပါတယ်။

မနေ့ ဇွန် ၅ ရက်က စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရန်ကုန်မှာ ရွှေဆိုင်တွေ မဖွင့်ရင်၊ သူတို့သတ်မှတ်ဈေးနဲ့ မရောင်းရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက် YGEA က နေ့စဉ်ရောင်းချရမယ့် ဈေးနှုန်းကို တစ်နေ့ သုံးကြိမ်ထုတ်ပြန်ပေးနေပြီး အဲဒီထုတ်ပြန်တဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းချရမယ်လို့လည်း ပြောဆိုပါတယ်။

 

ရန်ကုန်တိုင်းရွှေအသင်းကတော့ ဒီနေ့ မေလ ၆ ရက်နေ့ နေ့လယ်ပိုင်းအတွက် အခေါက်ရွှေတစ်ကျပ်သား ၄,၈၁ဝ,၉၀ဝ ကျပ်အဖြစ် သတ်မှတ်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်က ရန်ကုန်က ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာ၊ ဖမ်းဝရမ်းထုတ်တာတွေကြောင့် ရွှေကုန်သည်အသိုင်းအဝိုင်းကြား ဂယက်ရိုက်ခဲ့ပြီးနောက် ပြင်ပရွှေဈေးကွက်လည်း ပိတ်သွားခဲ့ရတာပါ။

 

ဇွန်လ ၄ ရက်နေ့ကစလို့ ပြင်ပရွှေဈေးကွက်ဟာ ဈေးနှုန်းဖွင့်လှစ်နိုင်ခြင်းမရှိတော့တဲ့အထိ ဖြစ်သွားရပြီး အရောင်းအဝယ်လည်း ရပ်သွားရတာ ဒီနေ့အထိပါပဲ။

 

ပြင်ပဈေးကွက်ထဲ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့ဈေးနှုန်းကတော့ ဇွန်လ ၃ ရက်နေ့က အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၅၂ သိန်းကျော်နဲ့ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ – ဒီနေ့ ဇွန် ၆ ရက်မှာဖွင့်လှစ်လာကြတဲ့ ရန်ကုန်က ရွှေဆိုင်များ