ဖုန်းဆိုးမြေပေါ် ရိက္ခာအတွက် ကိုယ်တိုင်စိုက်ပျိုးကြဖို့ ပြင်ဆင်နေကြတဲ့ အုတ်ဖိုက ရဲဘော်များ

Author CJ Platform
Categories
Published on Jun 06, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်က ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရဲဘော်တွေဟာ ရိက္ခာအတွက် စစ်ရှောင်တွေနဲ့အတူ မြေ ၅ ဧကကျော်ရှိတဲ့ ဖုန်းဆိုးမြေပေါ်မှာ သီးနှံတွေစိုက်ပျိုးဖို့ လုပ်ဆောင်နေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူဆီကနေ သိရပါတယ်။

 

အဲဒီမြေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စခန်းမချခင်ကတည်းက စိုက်ပျိုးဖို့အတွက် တောင်ယာသမားတွေ တောင်ယာခုတ်ထားတဲ့ ဖုန်းဆိုးမြေဖြစ်ပြီး မြေဆီမြေဩဇာကောင်းတယ်လို့ အုတ်ဖိုအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဇေယျက CJ Platform ကိုပြောပါတယ်။

“အဓိက က တပ်ခွဲရိက္ခာအတွက်ရော၊ စစ်ရှောင်တွေရော စားရအောင်ပေါ့။ ရောင်းစားမှာ မဟုတ်ပါဘူး။ ပြည်သူ့ချွေးနှဲစာ အလကားမစားချင်ဘူး။ မြေဩဇာကတော့ ကောင်းပါတယ်။ အရင်က တောင်ယာမြေအဟောင်းပေါ့” လို့ သူက ပြောပါတယ်။

 

အဲဒီဖုန်းဆိုးမြေပေါ် ပြောင်း၊ သခွား၊ ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ ရုံးပတီ၊ ခရမ်း၊ ငရုတ်နဲ့ ပဲတိုင်ထောင် စတဲ့သီးနှံတွေကို စိုက်ပျိုးသွားမှာဖြစ်ပြီး ရဲမေတွေနဲ့ စစ်ရှောင်အမျိုးသမီးတွေက ပူးပေါင်းပါဝင်ပြီး ဒီနေ့ ဇွန်လ ၅ ရက်မနက်ပိုင်းကစပြီး ပေါင်းပင်တွေရှင်းလင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ စစ်ကောင်စီတပ်သားတွေရဲ့ နေရာနဲ့ ကင်းဝေးတဲ့နေရာမှာ လုပ်ဆောင်နေကြတာဖြစ်ပြီး စိုက်ပျိုးဖို့အတွက် မျိုးစေ့ကို ဝယ်ယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီဒေသမှာ စစ်ရှောင်အိမ်ထောင်စု ၅၅ စုရှိပြီး စစ်ရှောင်လူဦးရေ ၂၄၀ ကျော်ရှိကာ ကုန်ဈေးနှုန်းတွေလည်း သုံးဆနီးပါးတက်လာတဲ့အတွက် ထမင်းတစ်နပ် ၃၀ဝ၀ ကျပ်နီးပါးကုန်ကျနေတာကြောင့် စားဝတ်နေရေးအတွက် အဆင်ပြေအောင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရတာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို