ချင်းတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ချင်းပြည်အတွက် ကာကွယ်စစ် ဆင်နွှဲနေ
ချင်းပြည်၊ ဖလမ်းမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးဝင်လာတဲ့ စစ်အုပ်စုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းလဲန်းကောင်စီဝင် အဖွဲ့တွေနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ချင်းညီနောင် တပ်တွေက ပူးပေါင်းတိုက်စစ်ဆင်နေပြီး စစ်အုပ်စုတပ် အထိနာနေတယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ ဇန်နဝါရီ ၅ရက်နေ့မှာ သိုင်းငင်းရွာဘက်ကနေ ဖလမ်းမြို့ကို ဦးတည်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ခွါလ်လီး (Khual Lwi) ကျေးရွာအနီးမှာ ချင်းပူးပေါင်းတပ်တွေက ကြားဖြတ်တားဆီးရာကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“စစ်ရေးကတော့ အမြဲတမ်း ပြင်းထန်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကနေ ဒီစစ်ကြောင်းထိုးလာတာကို နောက်မဆုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ သိမ်းထားတဲ့ နယ်မြေတွေကို ကျွန်တော်တို့ဘက်က ပြန်ကာကွယ်ရမှာပဲ။ ဒါကြောင့် စစ်ရေးကတော့ နေ့ရောညပါ အချိန်မရွေး ပြင်းထန်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ် တစ်ဦးက CJ Platform ကို ပြောပါတယ်။
တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ကတည်းက ခွါလ်လီးရွာအနီးမှာ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွေတုန်းကလည်း စစ်အုပ်စုဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ချင်းပူးပေါင်းတပ်တွေ့ စစ်သုံ့ပန်း စုစုပေါင်း ၈ ဦးအထိ ဖမ်းမိထားတယ်လို့ သိရပါတယ်။
“ရှေ့တန်းမှာ ကျွန်တော်တို့ ချင်းပြည်ကို ကာကွယ်ဖို့အတွက် ချင်းညီနောင်ဘက်ကပဲဖြစ်ဖြစ်၊ ချင်းလဲန်းကောင်စီဘက်ကပဲဖြစ်ဖြစ် အားလုံး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်နေကြတာပါ။ ရှေ့တန်းက ရဲဘော်တွေ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်နေသလိုပဲ ကျွန်တော်တို့ ပြည်သူတွေကလည်း ညီညွတ်ကြဖို့ ပြောချင်ပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောပါတယ်။
ချင်းအရေးလေ့လာသုံးသပ်သူတချို့ကတော့ အခုလို မတူညီတဲ့ တော်လှန်ရေးအဖွဲ့တွေ လက်တွဲပြီး စစ်အုပ်စုစစ်ကြောင်းကို ထိထိရောက်ရောက် တုံ့ပြန်နိုင်တာဟာ ချင်းပြည်နယ်ရဲ့ နယ်မြေစိုးမိုးရေးအတွက် အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – စစ်အုပ်စုရဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိုပုံ
