လူကုန်ကူးခံရမှု အဆိုးရွားဆုံး ထိပ်ဆုံးနိုင်ငံတွေ စာရင်းမှာ မြန်မာက ငါးနှစ်ဆက်တိုက်ရှိနေ

Author CJ Platform
Categories
Published on Jan 06, 2026

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လူကုန်ကူးမှုနဲ့ အဓမ္မစေခိုင်းမှု စတဲ့ အဆိုးရွားဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာပါဝင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးမှုအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့ ၂၀၂၁ – ၂၀၂၅ လူကုန်ကူးမှုအစီရင်ခံစာတွေအရ နိုင်ငံပေါင်း ၁၈၈ နိုင်ငံအနက် မြန်မာက ထိပ်ဆုံးငါးနိုင်ငံစာရင်းမှာပါဝင်နေတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းတို့လည်း လူကုန်ကူးခံရမှု အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကို ဗဟိုပြုကာ အွန်လိုင်း ငွေကြေးလိမ်လည်မှုနဲ့ဆက်စပ်ပြီး လူကုန်ကူးခံရမှု၊ အဓမ္မစေခိုင်းခံရမှုတွေအပါအဝင် နှစ်အလိုက် ကမ္ဘာတစ်ဝန်း ထိခိုက်နစ်နာသူ ၁၂၀,၀၀၀ ကျော်ရှိနေတယ်လို့ အမေရိကန်အစိုးရက ဖော်ပြထားပါတယ်။

 

လူကုန်ကူးခံရမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တာဝန်ရှိသူတွေက လုံလုံလောက်လောက် ဖြေရှင်းနိုင်စွမ်းမရှိသလို ပူးပေါင်းဆောင်ရွက်မှုမှာလည်း အဆိုးရွားဆုံးနိုင်ငံထဲမှာ ပါဝင်နေတာကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး စံနှုန်းအနိမ့်ဆုံးအဆင့်ဖြစ်တဲ့ Tier 3 မှာ ထည့်သွင်းထားပါတယ်။

 

စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၄-၂၀၂၅ ခုနှစ် လူကုန်ကူးခံရမှုအတွင်း အမှုပေါင်း ၁၃၃ မှုကို အမှုဖွင့်အရေးယူနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လက နေပြည်တော်မှာ ပြုလုပ်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောဆိုခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Pro_SAC

 

 

Related News

Depend on news