ဂေါ်ရန်ဂျီမှာ မျက်နှာကို ဓားနဲ့ခုတ်ခံရတဲ့ဗိုလ်မှူး ရန်ကုန်စစ်ဆေးရုံကိုပို့လိုက်ရ၊ ဓားနဲ့ခုတ်သူတွေ လွတ်မြောက်သွား

Author CJ Platform
Categories
Published on Apr 06, 2025

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရန်ဂျီကျွန်းဒေသ ဘုတ်ပင်ဆိပ်ကျေးရွာအနီးက ပင်လယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ရခိုင်ကုန်သွယ်စက်လှေလို့ ဆိုကာ ဖမ်းဆီးလိုက်ပြီးနောက် ငရုတ်ကောင်းရဲစခန်းကို ပို့ချိန်မှာ ဖမ်းဆီးခံထားရသူတွေက ဓားနဲ့ပြန်လည်ခုခံပြီး ထွက်ပြေးသွားတဲ့ ဖြစ်စဉ်မှာ နယ်ထိန်းရဲသေဆုံးခဲ့ပြီး ဗိုလ်မှူးဖြစ်သူမှာ ဓားခုတ်ခံရတဲ့ ဒဏ်ရာကြောင့် မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

 

မကျီးဇင်ကျေးရွာကနေ ငှက်ပျောချောင်းအတွင်း ကုန်သယ်နေတဲ့ စက်လှေတစ်စင်းကို ရခိုင်ပြည်အတွက် ရိက္ခာပို့ဆောင်ဖို့ လုပ်ဆောင်နေတာလို့ဆိုကာ ဖမ်းဆီးပြီး ငရုတ်ကောင်းမြို့ကိုပို့ဆောင်စဉ် ဖမ်းဆီးခံထားရသူ လှေထိုးသားတွေက လှေပေါ်မှာ လိုက်ပါလာသူ ထွေအုပ်စာရေးကိုရိုက်နှက်ပြီး ရဲတပ်သားတစ်ဦးနဲ့ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးကို ဓားနဲ့ခုတ်ကာ ပင်လယ်ထဲကို ပစ်ချခဲ့တာပါ။

 

“ ဝင်လုံးပြီး ဓါးနဲ့ခုတ်ကြတော့တာပါဘဲ အရင်ဆုံး နယ်ထိန်း ခေါင်းကို ခုတ်တာပါ ဗိုလ်မှူးကိုလည်း ခုတ်ထားတာ မျက်နှာမှာတော့များသွားပါတယ်၊ စာရေးကတော့ သံတုတ်နဲ့ အရိုက်ခံရတာ အခုတော့ သက်သာနေပါပြီ “ လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီရဲ့ အုန်ကျွန်းကြီးစခန်းအမြောက်တပ်ရင်းက ဗိုလ်မှူးသန့်ဇင်လင်း ဟာ မျက်နှာကို ဆိုးရွားစွာ ဓါးခုတ်ခံခဲ့ရတာကြောင့် မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

 

ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေဟာ ဗိုလ်မှူးရဲ့ ပစ္စတိုသေနတ်အပြင် G3 သေနတ်နှစ်လက်လည်း ရရှိသွားခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည် မဖမ်းမိသေးတာကြောင့် ဒေသခံ ရေလုပ်သားတွေ ပင်လယ်တွင်း ငါးဖမ်းထွက်ဖို့ကို စစ်ဆေးမေးမြန်းမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ကနဦး ဖမ်းဆီးခံရတဲ့ စက်လှေဟာ ကမ်းခြေဦးကျေးရွာက စက်လှေဖြစ်ပြီး ရခိုင်ပြည်ကို ဆီပေပါ ၇ လုံး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆေးရွက်ကြီးနဲ့ အခြားစားသောက်ကုန်တွေကို ဘုတ်ပင်ဆိပ်ကျေးရွာကနေ သယ်ဆောင်လာကာ ပင်လယ်အတွင်းက စက်လှေကြီးဆီ ပို့ဆောင်ဖို့ ပြင်ဆင်နေချိန် ကျွန်လေးရွာနားမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ လှေသမားတွေကို ငရုတ်ကောင်းရဲစခန်းကို လိုက်ပို့ဖို့သွားတဲ့နေရာမှာ အုန်ကျွန်းကြီးစခန်းအမြောက်တပ်ရင်းက ဗိုလ်မှူးသန့်ဇင်လင်းနဲ့ ကမ်းခြေဦးမှာတာဝန်ကျနေတဲ့ ထွေအုပ်စာရေးက လှေပဲ့ပိုင်း၊ ငရုတ်ကောင်းမြို့ရဲစခန်းက နယ်ထိန်းရဲ မိုးထက်ဝဋ္ဌာကျော် ကလှေ ဦးပိုင်းမှာ ထိုင်ကာ လိုက်ပါသွားတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူက ဆိုပါတယ်။

 

ကျူးလွန်သူတွေ တိုက်ခိုက်လို့ သေဆုံးသွားသူ နယ်ထိန်း ရဲတပ်သားဟာ ငပုတောမြို့နယ် ကျောက်ချောင်းကျေးရွာ ဒေသခံတစ်ဦးဖြစ်တယ်လို့ သိရပြီး ဓါးဒဏ်ရာနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံပို့လိုက်ရတဲ့ ဗိုလ်မှူးဟာ အုန်းကြီးကျွန်းစခန်း အမြောက်တပ်ရင်းကို ပြောင်းရွှေ့လာတာ မကြာသေးဘူးလို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်