ဘဘကြီး ထိုင်းသွားပြီ

ကတင်… ကတင်…
ဆိုလာပြားလေးနဲ့ ဖုန်းအားသွင်းထားပြီး အိမ်ရှေ့မှာ ဝါးကုလားထိုင်လေးနဲ့ ထိုင်ကာ ယပ်ခပ်နေတဲ့ အဘထွဋ်တစ်ယောက် ဖုန်းလာသံကြားတော့ ဖုန်းဆီပြေးရပြန်တာပေါ့။ Contact ကပုံကိုတော့ ကြည့်လိုက်တော့ မျောက်ဝံပုံနဲ့ဆိုထဲက သိလိုက်ပြီ တပည့်ကျော် မဲလုံး။ ဒီကောင်ငလျင်လှုပ်တုန်းက သေမသွားဘူးဟလို့ တွေးပြီး ဘထွဋ်တစ်ယောက် ဖုန်းကောက်ကိုင်လိုက်တယ်။
အဘထွဋ် ။ ။ ဟိတ်ကောင် ဇော်မဲလုံး မင်းငလျင်မှာ မသေဘူးပေါ့လို့ အရင်ဆုံး ကြည်ကြည်သာသာ နှုတ်ဆက်လိုက်တယ်။
မဲလုံး ။ ။ ဘယ်ကသာဘထွဋ်ရယ် သူတော်ကောင်းနတ်ကောင်းမတယ်ဗျ။ ရုံးတွေသာ ပြိုတာ ဒါလည်း အသစ်တွေပဲ ပြန်ဆောက်စေချင်လို့ နတ်ကောင်းနတ်မြတ်တွေက ဘဘကြီးကို ကံဖော်ပေးတာပါ။ ကျွန်တော်ပြောစရာရှိတယ် ဘထွဋ်။ ကျွန်တော်တို့ ဘဘကြီး ထိုင်းသွားရမယ်ဗျ။
အဘထွဋ် ။ ။ ဟိတ်ကောင်မဲလုံး ဘဘကြီး ဘာဖြစ်တုန်း၊ ငလျင်ပိပြီး ထိုင်းသွားပြီလား ဒါဆိုလည်းတမျိုးကောင်းပဲကွ သူ့ကို ဝိုင်းဆဲသမျှ သူမကြားတော့ စိတ်ချမ်းသာတာပေါ့ကွာ။
မဲလုံး ။ ။ ဟာ.. အဘထွဋ်ကတော့ အသက်ကြီးလာတော့ တလွဲတွေ ကြားကုန်ပြန်ပြီ။ ထိုင်းနိုင်ငံကို ဘဘကြီး သွားမှာကို ပြောတာဗျ။
အဘထွဋ် ။ ။ ဟ မဲလုံးရဲ့ ဒီလောက် နိုင်ငံကြီးမှာ ငလျင်တွေ လှုပ်ပြီး လူတွေ အများကြီးသေ၊ ရှာဖွေရေးတွေတောင် မပြီးသေး ပြန်လည်ထူထောင်ရေးဝေးချိန် ဘဘကြီးက ထိုင်းသွားပြီး ဘာလုပ်မလို့တုန်း။ ဪ သိပြီ သူထိုင်းမှာ ဖြတ်ဖောက်ချုပ်လုပ်ပြီး ငလျင်အတွက် ရန်ပုံငွေ ရှာမလို့လား။ သာဓုကွာ သာဓု ဒါနတကာ ဒါနတွေထဲတွေ ကာမဒါနက အမြတ်ဆုံးဆိုပြီး သူတရားရသွားရှာပြီကို စျေးဦးတောင် ပေါက်ဖို့ မလွယ်ပါဘူး မဲလုံးရယ်။
မဲလုံး ။ ။ အဘထွဋ် အဘသာ အသက်ကြီးပြီး နားကြားတွေလွဲကုန်တာ ဘဘကြီးကို ဘာတွေ လျှောက်ပြောနေတာတုန်းဗျ။ ဘဘကြီးကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ဖိတ်တာ ဘီစကစ်အစည်းအဝေးတက်ဖို့။ ဖိတ်တာဗျ သိပလား ဟွင်းဟွင်း။
အဘထွဋ် ။ ။ မဲလုံး ငလျင်လှုပ်တာ မင်းတို့ နေပြည်တော် အတော်ထိသွားပုံပဲဟနော်။ ဘီစကစ်တောင် ထိုင်းမှာ သွားတောင်းစားဖို့လုပ်ရတာလား။
မဲလုံး ။ ။ မဟုတ်ဘူး မဟုတ်ဘူး နည်းပညာနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းဝေးဗျာ။ ဘထွဋ်လို လူကြီးတွေကို ရှင်းပြရတာ အတော်နားဝေးတာပဲ။ ဒါပဲ ဒါပဲ အဲဒါအဘထွဋ်သိရအောင် လာပြောတာ။ ဟွင်းဟွင်း အဘထွဋ်တို့ ရေဒီယိုတွေ သတင်းမလာတော့ဘူးလား ညကျ မြဝတီမှာ တိုက်ရိုက်လွှင့်ပေးမယ် စောင့်ကြည့် ဒါပဲ ဒါပဲ ကျွန်တော်လည်း မအားဘူး စကင်ကဲဖို့ လုပ်ရဦးမယ်။
တီ.. တီ..တီ.. ဆိုပြီး ဇော်မဲလုံးတစ်ယောက် ဖုန်းချသွားပါရော။
ပူရတဲ့ကြားထဲ နားပါပူသွားတဲ့ အဘထွဋ် ယပ်တောင်လေး ပြန်ကောက်ပြီး ဝါးကုလားထိုင်ဆီ ပြန်ထိုင်နေလိုက်တာပေါ့။ စိတ်ထဲတော့ တွေးမိသား စီးပွားရေးလည်း ဘာမှ မလုပ်တတ် သူအာဏာလုလိုက်မှ တစ်နိုင်ငံလုံး ဆင်းရဲပြီး စီးပွားပျက်။ နည်းပညာဆိုရအောင်လည်း သူကိုယ်ပိုင် Facebook တောင်မရှိတဲ့ ဘဘကြီး အစည်းအဝေးမှာ သူတတ်ထားတာတွေကို အခြားနိုင်ငံတွေကို သင်ပေးလိုက်ရင် ခက်ရောပေါ့။ ကိုယ့်နိုင်ငံတစ်ခုထဲ မွဲမှာတင်မဟုတ်ဘူး သူနဲ့အစည်းအဝေးအတူတက်တဲ့ နိုင်ငံတွေပါ မွဲကုန်မှာတော့ အဘထွဋ် စိုးရိမ်သွားသေး။
ဒါနဲ့ ငလျင်သတင်းတွေ ဆက်ကြည့်ရင်း အဘထွဋ်လဲ ဘဘကြီး အမြန်ကြွပါစေလို့ ဆုတောင်းပြီး အိပ်ပြန်ရော။
ဟော မနက်ကျတော့ ဘဘကြီး ထိုင်းရောက်ပြီဆိုတဲ့ သတင်းတွေ တက်လာတယ်။ အံမာ ကျုပ်တို့ ဘဘကြီးက သူများနိုင်ငံက အကြီးအကဲတွေထက် ထူးတယ်ဗျ။ စရောက်ထဲက ဆန္ဒပြခံလိုက်ရ။ ဖိတ်ကြားတဲ့ ထိုင်းဝန်ကြီးချုပ်လည်း ဝေဖန်ခံရ။ လူယုတ်မာသွားရာ မိုးလိုက်ရွာဆိုသလိုပဲ ထိုင်းနိုင်ငံမှာလည်း လေတွေမိုးတွေ ရွာပါလေရောလား။
ဟောဟော သိပ်မကြာဘူး ဘဘကြီးကို အင်တာပိုဆိုလား အဲဒီအဖွဲ့က ဖမ်းဖို့လုပ်တယ်တဲ့။ ဟာ ဒုက္ခပါပဲပေါ့ ဘဘကြီး ပါသွားမလားဆိုတဲ့ ပူတဲ့စိတ်နဲ့ ဘထွဋ်မှာ တစ်နေကုန်ပျော်နေလိုက်ရတာ။ ညပိုင်းကျ နောက်သတင်းတစ်ပုဒ် တက်လာပြန်ရော ဘဘကြီး မြန်မာပြည် ပြန်ရောက်ပြီတဲ့။ ဟင် တစ်ညတောင် မအိပ်ခဲ့ဖူးလားပေါ့ သူအရမ်းပင်ပန်းရှာမှာဆိုပြီး စိတ်ပူတကြီးနဲ့ မဲလုံးကို ဖုန်းဆက်မေးမယ်ပေါ့။
ကတင် ကတင် ကတင်
အဘထွဋ် ။ ။ ဟိတ်ကောင်မဲလုံး ဘဘကြီး အဖမ်းခံရမှာစိုးလို့ ခွေးပြေးဝက်ပြေး ချက်ခြင်းကြီး ပြန်ပြေးလာပါလားဟ ဘာဖြစ်တာတုန်း။
မဲလုံး ။ ။ ဒီမယ် အဘထွဋ် ဘဘကြီးက ထွက်ပြေးလာတာ မဟုတ်ဘူး ပြည်သူတွေကို စိတ်မချလို့ဗျ စိတ်မချလို့ ငလျင်ဘေးသင့် ပြည်သူတွေကို စိတ်မချလို့ ပြန်လာတာ။
အဘထွဋ် ။ ။ ဪ.. ဒါဆိုခု မင်းတို့ ဘဘကြီး ဘာလုပ်နေတုန်း။
မဲလုံး ။ ။ ငလျင်လာလှူတဲ့အဖွဲ့တွေဆီက ဆက်ကြေးကောက်နေတယ်လေဗျာ။ ဒါပဲ ကျွန်တော် မအားဘူး။
တီ.. တီ..တီ.. ဆိုပြီး ဇော်မဲလုံးတစ်ယောက် ဖုန်းချသွားပါရော။
အဲဒီညမှာ အဘထွဋ်လည်း တစ်ညလုံး ဘဘကြီးအတွက် စိတ်ပူပြီး အိပ်မပျော်လိုက်ဘူး။ မီးမလာ ရေမလာလို့။