“ဒီကနေ့ နိုဝင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” နေပြည်တော်အပါအဝင် ဒေသငါးခုမှာ နေရာကွက် မိုးကြီးနိုင်

Published on Nov 06, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ရခိုင်ပြည်တောင်ပိုင်း၊ ပဲခူးတိုင်း(တောင်ငူမြို့အထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသ)၊ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်းတွေမှာ နေရာကွက်ကျား မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ မိုလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့က ခန့်မှန်းထားပါတယ်။

 

နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီကနေ ၈ ရက်နေ့ ည ၁၂ နာရီအထိ(၂၄ နာရီအတွင်း) ရခိုင်ပြည်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ဘက်၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ(ကယား)ပြည်နဲ့ ဧရာဝတီတိုင်းတို့မှာ မိုးများပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးအသင့်အတင့်ပဲ ရွာမယ်လို့ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ရခိုင်ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ မနက်ဖြန် နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို ၂၈ မိုင်ကနေ ၃၇ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၆ ပေ ကနေ ၇ ပေရှိနိုင်ကာ လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၆ ရက်ကနေ ၈ ရက်အထိ သုံးရက်အတွင်း လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ ကနေ မိုင် ၃၀ ကျော် တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ လေးပေကနေ ငါးပေခန့် ရှိနိုင်တယ်လို့ သူက အသိပေးထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

 

တနင်္သာရီတိုင်း၊ ကချင်ပြည်နဲ့ ရခိုင်ပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်လို့ ကြိုတင်သတိထားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

 

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

Source – မိုးဇလ