“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၅ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 06, 2024

“ဘတ်၊ ယွမ်တို့ကျပေမဲ့ ဒေါ်လာဈေး ပြန်တက်”

 

စစ်ကောင်စီ ဗဟိုဘဏ်က ဒီတစ်ပတ်ထဲမှာ အမေရိကန်ဒေါ်လာ ၂၇ သန်းနီးပါး FX အွန်လိုင်းဈေးကွက်ထဲကနေ ထပ်မံရောင်းချတယ်လို့ အဲဒီဘဏ်ရဲ့ ကြေညာချက်တွေအရ သိရပါတယ်။

 

ဒါပေမဲ့ ပြင်ပဒေါ်လာဈေးကွက်ထဲ အမေရိကန်ဒေါ်လာဈေးကတော့ တစ်ပတ်အတွင်းမကျဘဲ တစ်ဒေါ်လာ ၅၀ ကျပ်လောက် မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ ကမ္ဘာမှာလည်း အမေရိကန်ဒေါ်လာတန်ဖိုးတွေကျဆင်းနေတာဖြစ်ပါတယ်။

 

ဒါ့အပြင် တရုတ်တစ်ယွမ် ၄၉၈ ကျပ်ဝန်းကျင်နှုန်းနဲ့ ယွမ် ၄ ဒသမ ၅ သန်းဝန်းကျင်နဲ့ ထိုင်းတစ်ဘတ် ၁၀၇ ကျပ်ဝန်းကျင်နှုန်းနဲ့ ဘတ် ၁၁ သန်းကျော်ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဒီလိုရောင်းချပေးတာကြောင့်အပါအဝင် လကုန်ရက်ဖြစ်တာကြောင့် ကျပ်ဈေးမာပြီး ဘတ်နဲ့ ယွမ်ဈေးတွေ ကျဆင်းခဲ့တာတွေ့ရပါတယ်။

 

အခုတစ်ပတ်အတွင်း ထိုင်းတစ်ဘတ် ၅ ကျပ်နီးပါးနဲ့ တရုတ်တစ်ယွမ် ၈ ကျပ်ကျဆင်းခဲ့သလို စင်ကာပူတစ်ဒေါ်လာ ၁၁၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၄၅ ကျပ်ကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ်စနေနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာ ၄၇၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၅၅၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၉ ကျပ်ကျော်၊ တရုတ်တစ်ယွမ် ၆၆၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၁၀၀ ကျပ်နဲ့ ဂျပန်တစ်ယန်း ၃၁ ကျပ်ကျော်ဖြစ်ပါတယ်။