ကာ့ရှ်ဒေသမှာ ယူကရိန်းဘက်က ထိုးစစ်အသစ် စတင်နေတယ်လို့ ရုရှားပြော

Author CJ Platform
Categories
Published on Jan 06, 2025

ရုရှားနိုင်ငံ အနောက်ပိုင်းက ကာ့ရှ်ဒေသမှာ ယူကရိန်းစစ်တပ်ဘက်က ထိုးစစ်အသစ်ကို စတင်နေတယ်လို့ ရုရှားဘက်က  ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောဆိုပါတယ်။

 

ကာ့ရှ်ဒေသဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ ယူကရိန်းဘက်က ရုတ်တရက် နယ်စပ်ဖြတ်ကျော်ကာ ရုရှားဘက်ကို ထိုးဖောက်တိုက်စစ်ဆင်ပြီး နေရာအတော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

 

ငြိမ်းချမ်းရေးဆွေးနွေးဖြစ်ခဲ့ရင် အရေးပါလာနိုင်တဲ့ ကာ့ရှ်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ရုရှားစစ်တပ်ဟာ အဲဒီ အချိန်ကတည်းက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နောက်ပိုင်းမှာ မြောက်ကိုရီးယားစစ်သားတွေကိုပါ ကာ့ရှ်ဒေသ စစ်မြေပြင်မှာ အသုံးပြုခဲ့ပါတယ်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့ရဲ့စစ်တပ်ဟာ ယူကရိန်းတပ်တွေကို ပြန်လည်တိုက်ခိုက်နေတယ်လို့ ပြောဆိုပေမဲ့ ရုရှားစစ်ရေးသတင်းတွေ ဖော်ပြလေ့ရှိတဲ့ ဘလော့ဂါတွေကတော့ ရုရှားစစ်တပ်ဟာ ပြင်းထန်တဲ့ ဖိအားအောက်မှာ ရောက်နေပြီလို့ ဖော်ပြကြပါတယ်။

 

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်းစကီးရဲ့ သမ္မတရုံးအကြီးအကဲ အန်ဒရေယာမက်ခ်က “ကာ့ရှ်ဒေသမှာ သတင်းကောင်းတွေရှိပါတယ်။ ရုရှားဟာ သူတို့နဲ့ထိုက်တန်တဲ့ အရာတွေကို ရရှိနေပါပြီ” လို့ တယ်လီဂရမ်မှာ ရေးသားဖော်ပြပါတယ်။

 

“ရုရှားတပ်တွေကို နေရာအတော်များများမှာ တိုက်ထုတ်နိုင်ခဲ့တယ်”လို့လည်း ယူကရိန်းရဲ့ သတင်းမှားတိုက်ဖျက်ရေးစင်တာ အကြီးအကဲ အန်ဒရေ ကိုဗလန်ကိုက တယ်လီဂရမ်မှာ ဖော်ပြပါတယ်။

 

ယူကရိန်းတပ်တွေဟာ ဗာဒင်ကျေးရွာအနီးကို တင့်ကားနှစ်စီး၊ မိုင်းရှင်းလင်းရေးယာဉ်တစ်စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၁၂ စီးအပြင် လေထီးတပ်တို့နဲ့ ဂရင်းနစ်စံတော်ချိန် ၆ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရုရှားဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

“ယူကရိန်းတပ်ရဲ့ ချေမှုန်းရေးတပ်ဖွဲ့တွေကို မြောက် (ရုရှား) အုပ်စုရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတို့နဲ့ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြပါတယ်။

 

ဒါ့အပြင် ယူကရိန်းရဲ့ တိုက်ခိုက်မှုနှစ်ခုကို တွန်းလှန်နိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ရိုက်တာသတင်းဌာနကတော့ အဲဒီ ဖော်ပြချက်တွေကို သီးခြားအတည်ပြု မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

 

ရုရှားရဲ့ယူကရိန်း ကျူးကျော်စစ်ပွဲကိုထောက်ခံပေမဲ့ ရုရှားတပ်ရဲ့ ကျဆုံးမှုနဲ့ ဆုတ်ယုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ဖော်ပြလေ့ရှိတဲ့ ရုရှားစစ်ရေး ဘလော့ဂါတွေကတော့ ယူကရိန်းရဲ့ထိုးစစ်ဟာ ရုရှားစစ်တပ်ရဲ့ ခုခံကာကွယ်နိုင်စွမ်းကို အားအနည်းဆုံးအနေအထားအထိခဏတာ ရောက်ရှိသွားစေတယ်လို့ ဖော်ပြကြပါတယ်။

 

“ရန်သူရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ ကြုံနေရပေမဲ့ ကျွန်တော်တို့ရဲ့ တပ်တွေဟာ သူရဲကောင်းဆန်စွာပဲ  ရှေ့တန်းမှာ ကြံ့ကြံ့ခံ ခုခံနိုင်နေပါတယ်”လို့ Operativnye Svodki (Operational Reports) ချန်နယ်ကနေ တိုက်ခိုက်မှုဖြစ်အပြီး နာရီပိုင်းအတွင်းမှာပဲ တင်ခဲ့ပါတယ်။

 

နောက်ပိုင်းမှာတော့ ဩဇာကြီးတဲ့ ဘလော့ဂါ တစ်ဦးဖြစ်သူ ယူရီပိုဒေါလ်ယက်ခ်က ရုရှားစစ်တပ်ဟာအစပိုင်းမှာ အမှားတွေကျူးလွန်ခဲ့ပေမဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး ကာ့ရှ်ဒေသမြို့တော်ကို သွားတဲ့ အမြန်လမ်းမကြီးရဲ့ မြောက်ဘက်မှာ ယူကရိန်းတပ်တွေကို ဝိုင်းရံပိတ်ဆို့ ထားနိုင်တယ်လို့ ရေးသားဖော်ပြပါတယ်။

 

ကာ့ရှ်ဒေသရဲ့ ယာယီပြည်နယ်အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါးခင်စတိန်းက လူတွေကို တရားဝင် သတင်းရင်းမြစ်တွေကိုသာ ယုံကြည်ကြဖို့ပြောဆိုခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးသူတွေကိုလည်း ခွင့်ပြုချက်မရဘဲ စိတ်မချရသေးတဲ့ နေရာတွေကို မပြန်ကြဖို့ သတိပေးပြောဆိုပါတယ်။

 

ဇီလန်းစကီးဟာ ကာ့ရှ်ဒေသကို ယူကရိန်းရဲ့တိုက်ခိုက်မှုအကောင်းဆုံး တပ်တွေကို ပို့ဆောင်ခဲ့တာကြောင့် အောင်မြင်မှုတချို့ရရှိပေမဲ့ ရုရှားတပ်တွေအရှိန်အဟုန်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ယူကရိန်းအရှေ့ပိုင်းမှာတော့ ခုခံတိုက်ခိုက်ရာမှာ အားနည်းချက်တွေရှိနေပါတယ်။

 

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားနိုင်ပေမဲ့ ယူကရိန်းရဲ့ မမျှော်လင့်တဲ့ အောင်မြင်မှု (ကာ့ရှ်ဒေသထိုးစစ်) ဟာလည်း ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အလေးသာသွားနိုင်ပါတယ်။

 

လက်ရှိမှာတော့ နှစ်နိုင်ငံစလုံးက စစ်ရေးအရှိန်မြှင့်တင်နေကြပြီး မကြာခင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအသစ်ဖြစ်လာတော့ပေမဲ့ ဒေါ်နယ်ထရမ့် လက်ထက်မှာ ပြုလုပ်လာနိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အလေးသာဖို့ ကိုယ်စီကြိုးပမ်းနေကြပါတယ်။

 

ဒေါ်နယ်ထရမ့်က သူသမ္မတဖြစ်လာပြီး မကြာခင်မှာပဲ ရုရှား-ယူကရိန်းစစ်ပွဲကို ရပ်တန့်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်းနဲ့ ရပ်အောင်လုပ်မလဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုထားခြင်းမရှိပါဘူး။

 

ဓာတ်ပုံ – Russian Ministry of Defence Press Service via AP

 

ပုံစာ- ကာ့ရှ်ဒေသက ယူကရိန်းတပ်ရှိရာနေရာတွေကို ရုရှားတပ်က ဒုံးကျည်ဖြင့် ပစ်နေစဉ်

 

ကိုးကား – Reuters