မန္တလေး ဂက်စ်ဆိုင်မီးလောင်မှုထဲက ဒဏ်ရာရဝန်ထမ်းလူငယ်တစ်ဦး ထပ်မံသေဆုံး၊ သုံးရက်ဆက် သေဆုံးမှုနဲ့အတူ သေဆုံးသူ ငါးဦးထိရှိလာ

Author အညာသား
Categories
Published on Jun 05, 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က လျှပ်စစ်နဲ့ မီးဖိုချောင်သုံးအရောင်းဆိုင်မှာ ဂက်စ်အိုးလှယ်ရင်း ပေါက်ကွဲမီးလောင်တဲ့ဖြစ်စဉ်ရဲ့ မီးလောင်လူနာတွေထဲက ဂက်စ်ဆိုင်ဝန်ထမ်း အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး ဒီနေ့ ဇွန် ၅ ရက် မနက် ၉ နာရီ ၁၆ မိနစ်ခန့်မှာ ထပ်မံသေဆုံးသွားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ငါးဦးအထိရှိလာခဲ့ပြီဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

အဲဒီမီးလောင်မှုကြောင့် အမျိုးသားကိုးဦးနဲ့ အမျိုးသမီးခြောက်ဦး စုစုပေါင်း (၁၅)ဦး မီးလောင်ဒဏ်ရာတွေရခဲ့ကြတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြပါတယ်။

 

သူတို့တွေထဲက အမျိုးသားတစ်ဦးဟာ မီးလောင်ခဲ့တဲ့ မေလ ၃၁ ရက် ညပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ဆက်လက်ပြီး နောက်နေ့ ဇွန် ၁ ရက်မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို တစ်ရက်ပဲခြားပြီး ဇွန် ၃ ရက်မှာ အမျိုးသားတစ်ဦး၊  ဇွန် ၄ ရက်မှာ နောက်ထပ် အမျိုးသားတစ်ဦး၊ ဒီနေ့မှာ ဝန်ထမ်းလူငယ်တစ်ဦးတို့ သုံးရက်ဆက် ထပ်မံသေဆုံးခဲ့ကြတာဖြစ်ပါတယ်။

 

မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားသူတွေမှာ ဦးသိန်းစိုး(၅၂)နှစ်၊ ဒေါ်မြမြဝင်း(၅၉)နှစ်၊ ဦးအေးထွန်း(၃၇)နှစ်၊ ဦးမြအောင်(၇၀)နှစ်နဲ့ မောင်စစ်ငြိမ်းနိုင်(၁၉)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်တယ်လို့သိရပြီး သူနဲ့အတူ ကျန်ထိခိုက်ဒဏ်ရာရထားတဲ့ အရပ်သားပြည်သူတွေကိုလည်း စောင့်ကြည့်နေရဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင် ကိုပေတူးအခြေအနေကတော့ ဆေးသွင်းဖို့နဲ့ အစာသွင်းဖို့ လည်ပင်းဖောက်ထားရတယ်။ စောင့်ကြည့်နေရတုန်းပဲ” လို့ မန္တလေးမီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ ချမ်းအေးသာစံမြို့နယ်၊ ၈၁×၈၂ နဲ့ ၃၁×၃၂ လမ်းကြားက လျှပ်စစ်နဲ့ မီးဖိုချောင်သုံးအရောင်းဆိုင်က ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ နှစ်ဦးကို အမှတ်(၈)မြို့မရဲစခန်းက (ပ-၉၀/၂၀၂၄)၊ ပုဒ်မ (၂၈၅)၊ (၃၃၇/၃၃၈)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Than Htay’s Facebook