ဆီဆိုင်မှာ PNO ပြည်သူ့စစ်တွေရဲ့ အရပ်သား ဖမ်းဆီးသတ်ဖြတ်မှု တစ်လကျော်အတွင်း ကိုးကြိမ်ရှိပြီလို့ PNLA ဆို

Published on Jun 05, 2024

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတွေမှာ သာမန်အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေခဲ့ရာ မေလကနေ ဇွန်လဆန်းပိုင်းအတွင်း ကိုးကြိမ်ရှိနေပြီဖြစ်တယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်(PNLA)ရဲ့ မနေ့ ဇွန်လ ၄ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့စစ်အဖွဲ့ဟာ ဇွန်လ ၂ ရက်မှာ ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာက ဦးဂျော့လောင်(ခ)ဖြားစွူး(၅၀)နှစ်ဝန်းကျင်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီးနောက် ကျေးရွာဒေသခံတချို့က ပြန်လွှတ်ပေးဖို့တောင်းဆိုရန် ဇွန်လ (၃) ရက် မနက်မှာ လိုက်သွားခဲ့ပေမဲ့ ပန်တိုင်းကျေးရွာအနီးမှာ ဦးဂျော့လောင်ရဲ့ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ကြတယ်လို့ PNLA ရဲ့ သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform ကိုပြောပါတယ်။

 

“ရွာသားတွေအနေနဲ့ အဲဒီဖမ်းတဲ့ညမှာလည်း တန်းမလိုက်ရဲဘူးလေ။ ကျွန်တော်တို့ စုံစမ်းရသလောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ထားတာ။ တုတ်နဲ့ ရိုက်ပြီးသတ်ဖြတ်တဲ့ပုံစံပါပဲ။ သေနတ်ဒဏ်ရာတော့ မတွေ့ခဲ့ဘူး” လို့ သူက ဆိုပါတယ်။

 

PNLA တာဝန်ရှိသူရဲ့ အပြောအရ ဦးဂျော့လောင်ဟာ သာမန်အရပ်သားပြည်သူ တောင်ယာလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး လာရောက်ဖမ်းဆီးစဉ်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အင်အား ၂၀ ခန့်နဲ့ အင်အားသုံးဖမ်းဆီးခဲ့သလို ဖမ်းဆီးတဲ့အကြောင်းအရင်းကို မသိရသေးဘူးလို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

 

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဟာ သူတို့သွားရောက်ရာ ကျေးရွာတွေက ဒေသခံတွေကို အကြောင်းမဲ့ဖမ်းဆီးငွေညှစ်တာတွေလုပ်တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကို ခိုးယူတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဟာ မေလ ၂ ရက်မှာ နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောနဲ့ မေလ ၆ ရက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ထီဗွာ (ရေဖြူ)ကျေးရွာ ဒေသခံပြည်သူ ကိုးဦးကို ဖမ်းဆီးခဲ့တဲ့အပြင် မေလ ၉ ရက်က ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာက ရွာသူကြီးခွန်ဇာခွန်နဲ့ ညီဖြစ်သူ ခွန်ပလွန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

 

ဒါ့အပြင် မေလ ၂၂ ရက်ကလည်း ဆီဆိုင်မြို့နယ် နမ့်စေမဲရွာက ဦးဝင်းနိုင်ကို ဖမ်းဆီးသွားရာ ကားတစ်စီး၊ ငွေ သိန်း ၁၀၀ နဲ့ မိသားစုဝင်တွေက ပြန်လည်ရွေးယူခဲ့ရပြီး မေလ ၂၉ ရက်က ဖက်နမ်ကျေးရွာအနီး ခရီးသွားသာမန်အရပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ- PNLA