မင်းတပ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jun 05, 2024

ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲမရှိတာကြာပြီဖြစ်တဲ့ ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီဒေသခံဆီတွေက သိရပါတယ်။

 

အဲဒီမြို့နယ်၊ မနာတာအုပ်စု၊ ရမ်ပန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒီနေ့ ဇွန်လ ၅ ရက်နေ့ မနက် ၁ နာရီဝန်းကျင်က စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လေကြောင်း တိုက်ခိုက်မှု လေးကြိမ် ပြုလုပ်သွားတယ်လို့ သိရပါတယ်။

 

အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၆၀ အရွယ် ဦးလောဖေဟာ ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ် အရပ်သား သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“လေယာဉ်နှစ်စီးနဲ့ ဒီနေ့(ဇွန် ၅)မနက် အစောပိုင်းက ရွာထဲကို ဗုံးကြဲသွားတာပါ။ ဗုံးအမျိုးအစားကိုတော့ မသိဘူး။ အသံက အရမ်းကျယ်ပြီး မြေကြီးပါ တုန်သွားပါတယ်။ ပုန်းခိုကျင်းထဲ အချိန်မီ ပြေးနိုင်တဲ့ လူတွေက ထိခိုက်မှု မရှိဘူး။ ရွာမှာလည်း ဘာတိုက်ပွဲမှမရှိဘဲ ဗုံးကြဲသွားတာပါ” လို့ သူက ဆိုပါတယ်။

 

ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား သုံးဦးထဲမှာ အမျိုးသမီး တစ်ဦးဟာ ခြေလက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိပြီး ကျေးရွာထဲက လူနေအိမ် ငါးလုံးခန့်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၃၁ ရက်တုန်းကလည်း မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀ဝ ဗုံးသီးအပါအဝင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ အရပ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသေးတယ်။

 

မင်းတပ်မြို့မှာ စစ်ကောင်စီက ဖမ်းဆီး၊ စစ်ဆေးမှုတွေ ရက်ဆက်ပြုလုပ်နေတာကြောင့် ယခုရက်ပိုင်းအတွင်း ဒေသခံတွေဟာ မြို့ကို စွန့်ခွာပြီး တခြားဒေသသို့ ပြောင်းရွှေ့နေထိုင်မှု ပိုများလာတယ်လို့ သိရပါတယ်။

 

မင်းတပ်မြို့နဲ့အနီးတဝိုက်မှာ ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာ ငါးလခန့်ရှိပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်