ဖယ်ခုံမှာ လေဖြန်းနေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက အောက်လမ်းဆရာလို့ ဆိုကာ အသက်အန္တရာယ်ပြုဖို့ လုပ်ဆောင်နေလို့ လက်နက်ကိုင်အဖွဲ့တွေက ညှိနှိုင်းပေးနေရ

Author CJ Platform
Categories
Published on Mar 05, 2026

ရှမ်း-ကရင်နီပြည် နယ်စပ် ဖယ်ခုံမြို့နယ်၊ လွယ်ယင်းရွာမှာ လေဖြန်းနေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက အောက်လမ်းဆရာလို့ စွပ်စွဲကာ အသက်အန္တာရယ်ပြုဖို့ လုပ်ဆောင်နေတယ်လို့ လွယ်ယင်းရွာသားတစ်ဦးက ပြောပါတယ်။

 

အောက်လမ်းဆရာလို့ စွပ်စွဲခံရသူဟာ လွယ်ယင်းရွာမှာ ယခင်ကတည်းက နေထိုင်တဲ့ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး လေဖြန်းဝေဒနာ ခံစားနေရသူလည်းဖြစ်တယ်လို့ လွယ်ယင်းရွာသားတစ်ဦးက ပြောပါတယ်။

 

“ဒီအဘိုးကြီးက လေဖြန်းနေတော့ တောင်ဝှေးတစ်ချောင်းနဲ့ သွားလာနေရတာပါ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း လူတစ်ယောက်ကို အောက်လမ်းဆရာဆိုပြီး သတ်ခဲ့သေးတယ်။ အသတ်ခံရတဲ့သူက မသေခင်မှာ ဒီအဘိုးကြီးက သူ့ဆရာပါဆိုပြီး ပြောခဲ့လို့ ရွာသားတွေက ဒီနေ့ ဝိုင်းဖမ်းတာ” လို့ သူက ပြောပါတယ်။

 

လွယ်ယင်းရွာမှာ နေထိုင်သူတွေဟာ စုန်းကဝေနဲ့ အောက်လမ်းပညာရပ်တွေကို လွန်စွာ ယုံကြည်သူတွေဖြစ်ကြပြီး၊ ဒီကနေ့ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကိုလည်း ပြီးခဲ့တဲ့နှစ်တွေကတည်းက အောက်လမ်းဆရာလို့ စွပ်စွဲကာ ရှောင်ဖယ်နေခဲ့ကြကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

 

“အခုက ရွာက လူတွေ ဖျားကြနာကြတယ်။ ပြီးတော့ အဘိုးကြီးအိမ်နားမှာ အရိုးတွေ တွေ့တယ်။ လောက်စာလုံးအရွယ် အလုံးတွေလည်း တွေ့တယ်။ ပြီးတော့ အောက်လမ်းဆရာဆိုပြီး ရွာသားတွေ ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခံရသူကလည်း မသေခင် သူ့ဆရာဆိုပြီး ပြောခဲ့တယ်လို့ စွပ်စွဲသူတွေက ပြောကြတာပေါ့။ ပါးစပ်အပြောတွေကို ရိုးသားတဲ့သူတွေဆိုတော့ တစ်ယောက်စတာနဲ့ ကျန်တဲ့သူတွေပါ ဒီနေ့ သတ်မယ်ဖြတ်မယ်ဆိုပြီး ဝိုင်းလာကြတာ” လို့ သူက ပြောပါတယ်။

 

စွပ်စွဲခံရသူကို ဒီကနေ့ မွန်းလွဲပိုင်းက လွယ်ယင်းကျေးရွာ ဘောလုံးကွင်းအတွင်းမ ရွာသူ၊ ရွာသား ၃၀ ဦးခန့် ဝိုင်းဝန်းကာ အန္တရာယ်ပြုဖို့ လုပ်ဆောင်နေချိန်  ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်ဖြေရှင်းပေးတဲ့အတွက် ဒီကနေ့ နေ့လယ် ၁ နာရီအထိ ဘေးအန္တရာယ်ကင်းနေသေးတယ်လို့ ဝင်ရောက်ဖြေရှင်းပေးတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

“အခုထိတော့ ညှိနေတုန်းပဲ။ ညှိပေးနေတဲ့ တပ်တွေကတော့ စွပ်စွဲခံရသူကို သတ်လို့မရဘူး မသတ်နဲ့ပေါ့။ သူ့ကို ရွာမှာ မထားချင်ရင် ရွာကနေပဲ နှင်ထုတ်၊ သူတို့ ခေါ်သွားမယ်လို့ ပြောတယ်။ ဒါကိုလည်း ရွာသားတွေက လက်မခံပြန်ဘူး ဖြစ်နေတာ” လို့ သူက ပြောပါတယ်။

 

လက်ရှိမှာ စွပ်စွဲခံရသူကို ရွာသားတွေက အောက်လမ်းဆရာလို့သာ ယုံကြည်နေကြကာ အသက်အန္တရာယ်ပြုဖို့ လုပ်ဆောင်နေကြကာ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ကြားဝင်ညှိနှိုင်းပေးနေရဆဲ ဖြစ်ကြောင်း CJ Platform က သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့