ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ထားပေမယ့် ကုန်ပစ္စည်းအများစု သယ်ယူမရ

Author CJ Platform
Categories
Published on Jan 05, 2026

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ထားပေမယ့် ကုန်ပစ္စည်းအများစု သယ်ယူ၍ မရသေးဘဲ ပန်ဆိုင်းနဲ့ မုန်းကိုးဂိတ်တွေမှာ လူဖြတ်သန်းသွားလာခွင့်ကိုပဲ ခွင့်ပြုထားသေးတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ထံက သိရပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ဒေသတွေထဲက ချင်းရွှေဟော်၊ ကျင်စန်းကျော့၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုးနဲ့ ရန်လုံကျိုင်းဂိတ်တွေကို ပြန်ဖွင့်ထားပေမယ့် နယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု နည်းပါးနေတာလည်း ဖြစ်ပါတယ်။

 

“ပန်ဆိုင်းနဲ့ မုန်းကိုးကတော့ လူပဲ ပေးဖြတ်တယ်။ ပစ္စည်းတွေဆိုရင်လည်း လူနဲ့ပဲ သယ်လို့ရတယ်။ ပစ္စည်းကြီးကြီးမားမားတွေဆို သယ်လို့မရဘူး။ ဒါပေမယ့် ကြံတွေ ဘာတွေကတော့ မုန်းကိုးနဲ့ ရန်လုံကျိုင်းဂိတ်မှာတော့ ဝင်တယ်။ တရုတ်ဘက်ကို ပို့တာတော့ ရှိတယ်” လို့ MNDAA သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုနေဝေစိုးက ပြောပါတယ်။

 

လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ဂိတ်တွေကနေ ကြံ၊ ပြောင်းနဲ့ အခြား လယ်ယာထွက်ကုန်ပစ္စည်းတွေကို တင်ပို့မှုတွေရှိနေပြီး ကြူကုတ်(ပန်ဆိုင်း)မှာတော့ ကုန်တင်ကားတွေကို ပေးဖြတ်တာမျိုးမရှိဘဲ လူနဲ့ ပစ္စည်းတချို့သာ သယ်ယူခွင့်ပြုတာမျိုးရှိတယ်လို့ သူက ဆက်ပြောပါတယ်။

 

ကိုးကန့်ခရိုင် ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ နေ့စဉ် ကုန်တင်ကားအစီးရေ ၂၀၀ ကျော် တရုတ်နိုင်ငံဘက်ကို ထွက်ခွာနေပြီး ကြံနဲ့ ပြောင်းဖူး၊ လယ်ယာထွက်ကုန်ပစ္စည်းနဲ့ အခြားကုန်ပစ္စည်းတွေကိုလည်း တင်ပို့မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ လားရှိုးမြို့ကို စစ်အုပ်စုက ပြန်လည်ရယူခဲ့ပေမယ့် ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ ကျင်စန်းကျော့၊ မုန်းကိုး၊ ရန်လုံကျိုင်း စတဲ့ နယ်စပ်ကုန်ဂိတ်တွေကို MNDAA က ထိန်းချုပ်ထားပါတယ်။

 

အခု ၂၀၂၅ ခုနှစ်အတွင်း လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့ကိုပါ စစ်အုပ်စု ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မန္တလေး-မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးရဲ့ ၄၄ ဒသမ ၄ ရာခိုင်နှုန်းကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ISP Myanmar ရဲ့ ၂၀၂၅ နိုဝင်ဘာ ၁၃ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – MNDAA

#CJPlatform #ShanNorth #BorderTrade #MNDAA #ISPMyanmar #ChinaMyanmarBorder