ရန်ကုန်မှာ စစ်မှုထမ်းအပတ်စဉ်-၇ အတွက် ဆင့်ခေါ်တာ၊ ဖမ်းဆီးတာတွေ စစ်ကောင်စီလုပ်နေ

Author ကိုထက်
Categories
Published on Nov 05, 2024

ရန်ကုန်က မြို့နယ်တချို့မှာ စစ်မှုထမ်းအပတ်စဉ်-၇ အတွက် အဓမ္မ ဆင့်ခေါ်တာ၊ ဖမ်းဆီးတာတွေ စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ကြုံတွေ့နေရတဲ့ ရပ်ကွက်ဒေသခံ‌တွေဆီကနေ သိရပါတယ်

 

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ်-၂ ရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်မှာ ရပ်ကွက်ရုံးမှာမဲနှိုက်ဖို့ စာရင်းကောက်ထားတဲ့ လူငယ်တွေကို ဆင့်ခေါ်နေတယ်လို့ စာရင်းပါတဲ့လူငယ်တစ်ယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။

 

“ရာအိမ်မှူးက လာပြောတာ။ ကောင်လေးကို ရုံးကိုလွှတ်လိုက်ဖို့၊ မဲနှိုက်ရမယ်ပြောတယ်။ တကယ်လို့ လိုက်ဖို့မဲပေါက်သွားလည်း လူစားထိုးမယ့်သူရှိရင် ညှိလို့ရတယ်ပေါ့။ ပိုက်ဆံတော့ ဆယ်သိန်းလောက်ကုန်မယ်ပြောတယ်။ အရင်ဆုံးမဲနှိုက်ဖို့ခေါ်တာ” လို့ သူက ပြောပါတယ်။

 

နောက်ပြီး ညဘက် လမ်းပေါ် အရက်ထွက်ထိုင်သောက်သူ၊ အချိန်မတော်အပြင်ကနေ ပြန်လာသူတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတွေ ကင်းလှည့်တာနဲ့တိုးရင် ဖမ်းခံရလေ့ရှိတယ်လို့ လှိုင်သာယာမြို့နယ်ထဲက သူသိထားတာတွေကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ အပတ်စဉ် (၆) လူစုချိန်တုန်းကလည်း ညနေပိုင်းအလုပ်ပြန်လာတဲ့ လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဒီကနေ့အထိ ဘာသတင်းမှမကြားရသေးတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။

 

ဒါ့အပြင် ဒဂုံမြို့သစ်ဆိပ်ကမ်းနဲ့ သန်လျင်မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာလည်း စာရင်းပါတဲ့လူငယ်တွေကို အုပ်ချုပ်ရေးမှူးရုံးကို ဆင့်ခေါ်တာ၊ အိမ်တိုင်ရာရောက်လာခေါ်တာတွေ လုပ်နေတယ်လို့ အဲဒီကရပ်ကွက်နေသူတွေဆီက သိရပါတယ်။

 

“ဒီမှာတော့ လူကြီးတွေက အိမ်တိုင်ရာရောက်ကို ခေါ်တာတွေလည်းရှိတယ်။ မဲလည်းနှိုက်ရမယ်တဲ့ ၁၈ ကနေ ၃၅ အတွင်းကို အပိုင်း-၃ တစ်ပိုင်းလုံးက အဲဒီအသက်အတွင်း ယောင်္ကျားလေးတွေကို စာရင်းကောက်ထားတယ်” လို့ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်-၆၀ ရပ်ကွက်နေသူ အသက် ၅၀ အရွယ်အမျိုးသားက ပြောပါတယ်။

 

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ်-၆ ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစပြီး သင်တန်းပေးနေပြီဖြစ်ပြီး သင်တန်းမဆင်းခင်မှာပဲ အခုအပတ်စဉ် ၇ အတွက် လူစုခိုင်းနေတာဖြစ်ပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းဖို့ စစ်သင်တန်းထဲလိုက်ဖို့အတွက် စာရင်းပါတဲ့လူငယ်တွေကို အိမ်တိုင်ရာရောက်လာခေါ်တာတွေ၊ လူစားထိုးဖို့ ‌ငွေကြေးတောင်းခံတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်နေတာပါ။

 

ဒါ့အပြင် စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး ရန်ကုန် မြို့တွင်းမြို့နယ်‌တွေမှာ တစ်အိမ်ထောင်ကို ကျပ် ၅၀၀၀ ကောက်ခံနေပြီး ကျေးရွာတွေမှာတော့ တစ်အိမ်ထောင်ကို ကျပ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ အုပ်ချုပ်ရေးမှူးတွေက ကောက်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပြည်ပမှာရောက်နေတဲ့ လူငယ်တွေ စစ်မှုထမ်းစာရင်းပါပါကလည်း မိဘတွေဆီကို ကျပ်သိန်း ၃၀ ကနေ ၅၀ အထိ ငွေညှစ်တာတွေလည်း လုပ်နေတယ်လို့ ကြုံတွေ့ရတဲ့ လူငယ်မိဘတွေက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ စစ်သင်တန်းဆင်း လူငယ်တွေကို ရခိုင်စစ်မျက်နှာပြင်တွေဆီ ပို့ဆောင်နေတယ်လို့ သိရပြီး အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေထဲ မောင်တောနဲ့ သံတွဲတိုက်ပွဲတွေအတွင်း စစ်သင်တန်းဆင်း လူငယ်တွေ သေဆုံးမှုအများအပြားရှိတယ်လို့ ဆိုထားပါတယ်။

 

အသက် ၂၄ နဲ့ ၃၀ နှစ်ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေတာဖြစ်ပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။

 

ဓာတ်ပုံ – Pro – SAC