ဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိနေပြီး ရေတားတာတွေရဲ့ ကြံ့ခိုင်မှုကို ပြင်ဆင်ထားဖို့လို

Published on Sep 24, 2025

မိုးနှောင်းကာလ မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ အခုရက်ပိုင်းအတွင်း ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က CJ Platform ကို ပြောပါတယ်။

 

ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မနက်ဖြန် စက်တင်ဘာ ၂၅ ရက်ကနေ ၂၆ ရက်နေ့ထိ နှစ်ရက်အတွင်း ရေကြီးမှုသတိပေးချက် Medium Level (အဝါရောင်) အဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။

 

အဲဒီရက်တွေအတွင်း ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ ငဝန်မြစ်၊ တိုးမြစ်နဲ့ ဖျာပုံမြစ်တို့မှာ ရေတိုးလာနိုင်ပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံနှင့် ဒေးဒရဲမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။ ဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေဟာ ၇၀ ရာခိုင်နှုန်းထိ ရှိတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ပဲခူးတိုင်း အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်တို့မှာလည်း စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လယ်ကွင်းတွေ ရေလွှမ်းမိုးနိုင်တဲ့ အခြေအနေ ရှိနေပြီး ရေကြီးနိုင်ခြေဟာ အမြင့်ဆုံး ၆၀ ရာခိုင်နှုန်း အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

 

“မြစ်ကမ်းဘေးက အနိမ့်ပိုင်းရပ်ကွက်တွေ၊ အနိမ့်ပိုင်းမှာရှိတဲ့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ ဒါတွေ ရေလွှမ်းသွားနိုင်တယ်။ အဓိကကတော့ အနိမ့်ပိုင်းက ပစ္စည်းတွေ ရွှေ့ထားသင့်တယ်။ မြစ်ရေကြီးရင် လျှံထွက်လာအောင် တားထားတဲ့ ‘ရေတားတာ’ တွေ ကျိုးပေါက်နိုင်တဲ့ အခြေအနေ၊ ရေစိမ့်နိုင်တဲ့ အခြေအနေကို သတိထားသင့်တယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပါတယ်။

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ တောင်တရုတ်ပင်လယ်မှာ ထပ်ဖြစ်နိုင်တဲ့ မုန်တိုင်းတွေရဲ့ အရှိန်ကြောင့် မုတ်သုံလေ ပိုအားကောင်းလာကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်း၊ ကရင်ပြည်၊ မွန်ပြည်၊ ကရင်နီပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ အောက်တိုဘာလလယ် မိုးနှောင်းကာလ ကုန်တဲ့အထိ မိုးများနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

နေပြည်တော်မှာလည်း မနေ့ စက်တင်ဘာ ၂၃ ရက် ညနေမှာ မိုးပိုကောင်းလာတာကြောင့် ပုဗ္ဗသီရိမြို့နယ်က လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တွေမှာလည်း ရေဘေးသတိပေးချက်တွေကို လူမှုကူညီရေးအဖွဲ့တွေက လိုက်လံ အသိပေးနှိုးဆော်နေကြပါတယ်။

 

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အင်အားပြင်း တိုက်ဖွန်းမုန်တိုင်း ရာဂါဆာဟာ မနက်ဖြန်မှာ တရုတ်နိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ကာ နောက်နှစ်ရက်အတွင်း ဗီယက်နမ်မြောက်ပိုင်း ကမ်းခြေကို ဝင်ရောက်ဖို့ရှိပါတယ်။ မနက်ဖြန်မှာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်နဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိသွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

ပုံစာ – နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ရက်နေ့ ညပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားနေပုံ