မင်္ဂလာဒုံက စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံကို ဗုံးခွဲတိုက်ခိုက်၊ စက်ရုံအတွင်း မီးလောင်

Author ကိုထက်
Categories
Published on Jul 04, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံကို ဇွန်လ ၃၀ ရက် ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဒီနေ့ ဇူလိုင် ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 

ဇွန်လ ၃၀ ရက် ည ၈ နာရီကျော်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ စက်ရုံအတွင်း မီးလောင်မှုရှိခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ Ruby စက်ရုံကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စက်ရုံထဲ မီးလောင်မှုရှိခဲ့ပါတယ်။ လူအထိအခိုက်တော့ မသိရပါဘူး။ ရန်ကုန်ထဲက စစ်တပ်ရဲ့ ဘယ်ထောက်တိုင်ကိုမဆို ဆက်လက်တိုက်ခိုက်မှာပါ” လို့ ၎င်းက ပြောပါတယ်။

 

တိုက်ခိုက်မှုအပြီး မီးသတ်ကားတချို့ စက်ရုံထဲဝင်သွားပြီး ရဲဘော်တွေလည်း အထိအခိုက်မရှိ ဘေးကင်းစွာပြန်ဆုတ်ခွာလာနိုင်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် MEC နို့ချက်စက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့  Slayers of Tyrants တပ်ခွဲမှ ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်