မန်းတိုင်းထဲ Mdy PDF ရဲ့ စခန်းဆယ်ချီသိမ်းခံရပြီးနောက် မြို့တွင်းအစစ်အဆေး ပိုမိုတင်းကျပ်လာ၊  မြို့ပေါ် လေယာဉ်များဖြင့် ပတ်နေ

Author အဂ္ဂ
Categories
Published on Jul 04, 2024

မန္တလေးတိုင်းအတွင်း မန်း PDF နဲ့ ပူးပေါင်းအဖွဲ့ရဲ့ စခန်းဆယ်နဲ့ချီသိမ်းခံရပြီးနောက် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ)တည်ရှိရာ မန္တလေးမြို့မှာ အစစ်အဆေးတွေ ပိုမိုတင်းကြပ်လာတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

မနေ့ဇူလိုင် ၃ ရက်နေ့မှာ စစ်လေယာဉ်များ အသုံးပြုပြီး မြို့ကို ကင်းလှည့်နေတယ်လို့ မန္တလေးမြို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

 

“အကင်မခံရသေးတဲ့ ငှက်(လေယာဉ်)တွေ ပျံနေလို့ လိုက်ရိုက်နေတာ။ တောင်ဘက်ကနေ မြောက်ဘက်၊ ပြီးတော့ အနောက်ဘက်နဲ့ နောက်တော့ တောင်ဘက်ကို ပြန်ပတ်သွားတာ” လို့ မန္တလေးမြို့ကို စစ်ကောင်စီဘက်က လေယာဉ်တွေပတ်နေတဲ့ အခြေအနေကို မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် မြို့တွင်းမှာဆိုလည်း ယခင်ကထက် အစစ်အဆေးတွေ ပိုများလာတဲ့အနေအထားမျိုး တွေ့ရတယ်လို့ မြို့ခံလူငယ်တစ်ဦးက ဆိုပါတယ်။

 

“အဖမ်းအဆီးများလာလို့ အလုပ်ကို မသွားရဘူး။ မော်တော်ပီကယ်ရောပဲ။ ခုနောက်ပိုင်းဖမ်းရင် မော်တော်ပီကယ်က စစ်သားတွေနဲ့ လမ်းတိုင်းကိုဖမ်းနေတော့တာ။ မြို့တွင်းကတော့ ဖမ်းတာအပြင် VPN တွေပါစစ်တာ” လို့ ၎င်းလူငယ်က CJ Platform ကို ပြောပါတယ်။

 

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ တိုက်ပွဲတွေဟာ စစ်ကောင်စီရဲ့ လပခ တည်ရှိရာ မန္တလေးမြို့ကို မကြာခင် ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

လက်ရှိအချိန်မှာ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရတာတွေလည်းရှိသလို စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း လေကြောင်း အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေတာကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ် တိုက်ပွဲတွေမှာ အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

 

လပခတည်ရှိရာ မန္တလေးမြို့နဲ့ မိုင်(၂၀) ဝန်းကျင်သာကွာဝေးတဲ့ မတ္တရာမြို့နယ်မှာ တပ်စခန်း ရှစ်ခု၊ စဉ့်ကူးမြို့နယ်မှာ ခြောက်ခု လက်လွှတ်လိုက်ရသလို မိုးကုတ်မြို့ တိုက်ပွဲမှာလည်း မြို့နေရာအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်တဲ့အထိ စစ်ကောင်စီဘက်က အထိနာနေတာပါ။

 

မတ္တရာ စခန်းသိမ်းတိုက်ပွဲတွေထဲက စစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံသူ ၆၀ ကျော်၊ တပ်မိသားစုဝင် ၁၀၀ ကျော်နဲ့ လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

 

အလားတူ စဉ့်ကူးတိုက်ပွဲတွေထဲက စစ်သုံ့ပန်း ၁၃ ဦးခန့်နဲ့ လက်နက်မျိုးစုံ ၄၀ ခန့်နဲ့ ဆက်စပ်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို

 

 

Related News

Depend on news