၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်ဖြိုခွင်းမှုမှာ အဓိကတာဝန်ယူခဲ့တဲ့ စစ်တိုင်းမှူး မြင့်ဆွေ

မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲမှာ ကြီးမားတဲ့သက်ရောက်မှုတွေရှိခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်ဖြိုခွင်းခံရမှုမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဒီနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ၊ အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေ၊ ဖမ်းဆီးမှုလုပ်ဆောင်တာတွေကို မြေပြင်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အမိန့်ပေးကိုင်တွယ်ခဲ့သူဟာ စစ်တက္ကသိုလ်အပတ်စဉ် ၁၅ သင်တန်းဆင်းခဲ့သူ ဦးမြင့်ဆွေပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေါင်းဆောင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ဒီအကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ပတ်သက်ပြီး နောင်တရပုံမရှိဘဲ တာဝန်အရ လုပ်ဆောင်ခဲ့တာလို့သာ ဆိုပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအတွင်း “တာဝန်အရ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မှားယွင်းတယ်လို့ တင်ပြလာလို့ ကြိုးပေးရင်လည်း ခံနိုင်တယ်”လို့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်က 7 Days သတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ပါသေးတယ်။
အဲဒီအချိန်က စစ်အာဏာရှင် ဦးသန်းရွှေရဲ့ အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်ခဲ့တဲ့ စစ်တိုင်းမှူး မြင့်ဆွေဟာ ရွှေဝါရောင်အရေးအခင်းကို တပ်မ ၇၇ နဲ့ တပ်မ ၁၁ တို့ကိုအသုံးပြုပြီး အရက်စက်ဆုံး အကြမ်းဖက်ဖြိုခွင်းခဲ့တယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က CJ Platform ကို ပြောပါတယ်။
“သူက အဲဒီတုန်းက Area Commander (တိုင်းမှူး) ပေါ့နော်။ ဒီရွှေဝါရောင်အရေးအခင်းကို ဖြိုခွင်းတဲ့ဟာမှာ သူ့ဆီကို တပ်မ ၇၇ လာတယ်၊ တပ်မ ၁၁ လာတယ်၊ ရန်ကုန်တိုင်းလက်အောက်ခံတပ်တွေထဲက။ အဓိကတရားခံကတော့ တိုင်းမှူးပဲ၊ စစ်တိုင်းမှူးမှာ တာဝန်အရှိဆုံးပဲ။ အကြမ်းဖက်သတ်ဖြတ်တယ်၊ ကျည်အစစ်တွေသုံးတယ်။ သူက ဦးသန်းရွှေရဲ့ အယုံကြည်ရဆုံးလူတစ်ယောက်။ ဒါကြောင့် ဒီရွှေဝါရောင်အရေးအခင်းကို အရက်စက်ဆုံးလုပ်ခဲ့တဲ့တရားခံကတော့ မြင့်ဆွေပဲ ပြောရမှာပါ”လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂအိ (Kenji Nagai) သေဆုံးခဲ့သလို သံဃာနဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်စီးနင်းတာ၊ ချိတ်ပိတ်တာတွေအပြင် ဆန္ဒပြမှုအတွင်း ဦးဆောင်ပါဝင်သူတဲ့ သံဃာတော်တွေကို စစ်အာဏာရှင်တွေက ဆယ်စုနှစ်နဲ့ချီ ထောင်ဒဏ်ချမှတ်ခဲ့ကြပါတယ်။
လာမယ့် စက်တင်ဘာလမှာ ၁၈ နှစ်ပြည့်တော့မယ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ ပြည်သူတွေရဲ့ အထွေထွေကျပ်တည်းမှုနဲ့ စီးပွားရေးကျဆင်းနေမှုအခြေအနေတွေကြောင့် သံဃာတော်တွေရဲ့ ဦးဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုဆန္ဒထုတ်ဖော်ခဲ့တဲ့ သံဃာတော်တွေကို စစ်အာဏာရှင်က ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်နှက် နှိပ်စက်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်း သံဃာအများအပြားက မကျေနပ်မှုဖြစ်ပေါ်ခဲ့ပြီး ပတ္တနိကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ချိန် ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ပြည်သူတွေကို ကျည်အစစ်တွေနဲ့ပစ်ခတ်ဖို့၊ အကြမ်းဖက်နှိမ်နင်းဖို့ အမိန့်ပေးစေခိုင်းခဲ့သူ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်အစောပိုင်းမှာ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါ (Parkinson’s Disease) ကို ခံစားခဲ့ရပြီး အစာကောင်းကောင်းမစားနိုင်တော့တာ၊ ဦးနှောက်နိုးကြားမှုမရှိတော့တာ၊ ကိုယ်အလေးချိန် လျော့ကျလာတာ စတဲ့ ရောဂါဝေဒနာတွေကို ၂ နှစ်ကျော်ခံစားခဲ့ရပြီး ၂၀၂၅ ဩဂုတ် ၇ ရက်မှာ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
DSA အပတ်စဉ် ၁၅ သင်တန်းဆင်းခဲ့ပြီး စစ်အာဏာရှင်အဆက်ဆက်ရဲ့ အလိုကျလုပ်ဆောင်ခဲ့သူ ဦးမြင့်ဆွေဟာ ရွှေဝါရောင်တော်လှန်ရေးအပြီး သုံးနှစ်အကြာ ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ဒုသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန် စစ်အုပ်စုအလိုကျ ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Reuters