ကမ္ဘာ့အပူဆုံးမြို့များတွင် မြန်မာနိုင်ငံမှ မြို့ကြီးများ လေးရက်ဆက်တိုက် ထိပ်ပိုင်းက ဦးဆောင်နေ


ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာ မြန်မာနိုင်ငံက မြို့ကြီးတွေဟာ လေးရက်ဆက်တိုက် အပူဆုံးမြို့စာရင်းမှာ ရပ်တည်နေတယ်လို့ Eldorado weather ရဲ့ ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခုလ ဧပြီ ၁ ရက်ကနေ ဒီကနေ့ ဧပြီ ၄ ရက်နေ့အထိ ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံက မြို့ကြီး ၄ မြို့နဲ့အထက် နေ့စဉ်နီးပါး ပါဝင်နေပြီး ဒီကနေ့မှာလည်း ချောက်၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ရွှေဘို၊ တောင်ငူ စတဲ့ မြို့တွေ ပါဝင်လာပါတယ်။

 

ဒီကနေ့မွန်းလွဲ ၁ နာရီခွဲအချိန်မှာတော့ အိုမန်နိုင်ငံ၊ ကာလ်ဟာတ်မြို့က အပူချိန် ၅၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ဖြစ်နေပြီး မကွေးတိုင်း၊ ချောက်မြို့ကတော့ ၄၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် ၂ နေရာမှာ ရှိပါတယ်။

 

မကွေးတိုင်း၊ မင်းဘူးမြို့က ၄၂ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် ၃၊ မကွေးမြို့က ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် ၄ နေရာမှာရှိနေပြီး မန္တလေးမြို့က နံပါတ် ၈၊ မုံရွာမြို့က ၁၀၊ ပြည်မြို့က ၁၃၊ ရွှေဘိုမြို့က ၁၄ နဲ့ တောင်ငူမြို့က ၁၅ နေရာမှာ ရှိပါတယ်။

 

​ဧပြီလ ၁ ရက်နေ့မှာတော့ မင်းဘူးမြို့ဟာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့အပူဆုံးမြို့အဖြစ် နံပါတ် ၁ နေရာရှိခဲ့ပြီး ​ဧပြီလ ၂ ရက်နေ့မှာတော့ မင်းဘူးမြို့ရဲ့ အပူချိန် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့ဒုတိယအပူဆုံးနေရာမှာ ဆက်လက်ရှိနေခဲ့ပါတယ်။

 

ဒါ့အပြင် ​ဧပြီလ ၃ ရက်နေ့မှာတော့ မနက်ပိုင်းမှာတော့ မုံရွာမြို့က ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး ညနေ ၃ နာရီခွဲအချိန်မှာတော့ ချောက်မြို့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် အထိ စံချိန်တင်မြင့်တက်ခဲ့ကာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ပါသေးတယ်။

 

အဲဒီနေ့တွေမှာ ကမ္ဘာ့အပူဆုံးစာရင်း အဆင့် ၃ ကနေ ၁၅ အတွင်းမှာ မကွေး၊ တောင်ငူ၊ ပြည်၊ ဟင်္သာတနဲ့ ဘားအံ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေးစတဲ့ မြို့စာရင်းတွေလည်း တစ်ပြိုင်နက်တည်း ပါဝင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

 

ဒီလို အပူချိန်တွေ တိုးလာပေမဲ့ အပူလှိုင်းဖြတ်ဖို့တော့မရှိဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

 

အပူလှိုင်းဖြတ်တယ်ဆိုတာ ပုံမှန်ဖြစ်မြဲ နေ့အပူချိန်တွေထက် ၅ ဒီဂရီကနေ ၇ ဒီဂရီအထိ သိသိသာသာ လွန်ကဲစွာ ဖြစ်ပေါ်တာကို သတ်မှတ်တာဖြစ်ပြီး လက်ရှိအခြေအနေဟာ နှစ်စဉ်ဖြစ်မြဲ ပျမ်းမျှအပူချိန်တွေထက် ၁ ဒီဂရီလောက်သာ ပိုမိုမြင့်တက်နေတာကြောင့် အပူလှိုင်းဖြတ်မယ့် အခြေအနေကို မရောက်ရှိနိုင်သေးဘူးလို့ သုံးသပ်ထားပါတယ်။