ပြည်တွင်းစားအုန်းဆီ ပြင်ပပေါက်ဈေး ၁၅,၀၀၀ အထိ မြင့်တက်
စစ်အုပ်စုက ပြည်တွင်းစားအုန်းဆီကို တစ်ပိဿာ ၆,၆၈၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေး တစ်သောင်းခွဲအထိ စံချိန်တင်မြင့်တက်လာလို့ စားသုံးသူတွေ အခက်တွေ့နေရပါတယ်။
အခုနှစ် မတ်လကစပြီး စားအုန်းဆီ ပြင်ပပေါက်ဈေးမှာ ၁၁,၀၀၀ ကျပ်ကနေ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ရာ အခုဆို စားအုန်းဆီ တစ်ပိဿာကို ၁၄,၀၀၀ နဲ့ ၁၅,၀၀၀ ကြားမှာရှိတယ်လို့ တောင်ဒဂုံမြို့ခံ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စားဆီကို ရပ်ကွက်က အိမ်ထောင်စုတစ်စုကို ၅၀ သား စာအုပ်နဲ့ရောင်းပေးတယ်။ အမြဲတမ်းရောင်းပေးတာမဟုတ်ဘူး၊ တစ်ပတ်ကို နှစ်ကြိမ်ပဲ ရောင်းပေးတာဆိုတော့ ကျန်တဲ့အချိန်တွေကျတော့ အပြင်က ဝယ်စားရရော။ အပြင်ကဝယ်စားရင် ၅၀ သားကို ၇,၀၀၀၊ ၇,၅၀၀ ပေးရတယ်။ တစ်ပိဿာဆို ၁၄,၀၀၀ နဲ့ ၁၅,၀၀၀ ဝန်းကျင်ပဲ။ အလုပ်အကိုင်ကရှားပါး ကုန်ဈေးနှုန်းက အစစအရာရာ ဈေးတက်နေတော့ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
ဒီလိုဈေးနှုန်းမြင့်တက်လာတာကြောင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေဖြစ်တဲ့ အကြော်ဆိုင်၊ ထမင်းဆိုင်တွေက စားဆီဈေးအခြေခံ၍ ရောင်းကုန်ကို ဈေးမြှင့်ရောင်းရပြီး ဆီဝယ်မရသည့်နေ့ဆို ဆိုင်ပိတ်ထားရတယ်လို့ ထမင်းဆိုင်ဖွင့်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျွန်တော်တို့က ရပ်ကွက်ထဲမှာ ဖွင့်ထားတဲ့ဆိုင်ဆိုတော့ အခြေခံလူတန်းစား လက်လုပ်လက်စားအကုန်စားနိုင်မယ့် ဈေးနဲ့ရောင်းရတာ။ ဟင်းတစ်ပွဲကို တစ်ထောင်၊ တစ်ထောင်ငါးရာပေါ့။ အကြော်ဆိုင်ဆိုလည်း တစ်ထောင်ဖိုး ၃ ခု၊ အခု စားဆီဈေးတက်တော့ ကျွန်တော်တို့လည်း ဈေးမတက်ချင်ဘဲ တက်ရတယ်။ အကြော်ဆိုင်ကို ခဏနားထားရတယ်” လို့ ပြောပါတယ်။
ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတသည့်အပြင် စားအုန်းဆီဒိုင်ကြီးတွေက လက်လီဝယ်ယူရောင်းချသူတွေကို လိုသလောက် ရောင်းချမပေးတာကြောင့် ပြင်ပပေါက်ဈေး မြင့်တက်လာတာလို့ တစ်ပိုင်တစ်နိုင်ရောင်းချသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒိုင်ကြီးတွေက ဈေးကစားချင်တော့ ဆီပြတ်လပ်တဲ့ပုံစံမျိုးလုပ်တယ်။ ရပ်ကွက်ကိုပေးတဲ့ခွဲတမ်းကလည်း တစ်ရပ်ကွက်ကို လူ ၆၀ စာပဲပေးတာ၊ ရပ်ကွက်တစ်ခုမှာ လူဦးရေသောင်းနဲ့ချီနေတာဆိုတော့ ဝယ်လိုအားနဲ့ရောင်းလိုအားက မမျှဘူး။ မမျှတတော့ အပြင်ကနေဝယ်စား၊ အပြင်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၄,၀၀၀ ရှိတယ်” လို့ ရှင်းပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဆီလုပ်ငန်းရှင်များအသင်းကနေ လက်လီရောင်းချသူများကို စားအုန်းဆီ အကန့်အသတ်နဲ့သာ ထုတ်ပေးပြီး ရပ်ကွက်အတွင်းနေထိုင်သူတွေက အုပ်ချုပ်ရေးမှူးရုံးမှာ ဆီထုတ်ယူခွင့်စာအုပ်လုပ်ပြီး စားအုန်းဆီ ၅၀ သားကို ၃,၇၀၀ နှုန်းနဲ့ ထုတ်ယူနေရတာ ဖြစ်ပါတယ်။
ဧပြီလ ၂ ရက်နေ့က စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စားအုန်းဆီ တစ်ပိဿာကို ၆,၆၈၀ ကျပ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိ ပြင်ပပေါက်ဈေးမှာ တစ်ပိဿာကို ၁၄,၀၀၀ နဲ့ ၁၅,၀၀၀ ကြားမှာ အခြေခံလူတန်းစားတွေက ဝယ်ယူစားသုံးနေရတာ ဖြစ်ပါတယ်။
