“ဒီကနေ့ ဒီဇင်ဘာ ၄ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တနင်္သာရီကလွဲပြီး ကျန်ဒေသတွေ သာယာမယ်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။
တောင်တရုတ်ပင်လယ်တောင်ပိုင်းက လေပွေလှိုင်းဟာ ထိုင်းပင်လယ်ကွေ့နဲ့ မလေးရှားနိုင်ငံမြောက်ပိုင်း၊ မာလက္ကာရေလက်ကြားတို့ကိုဖြတ်ပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့က ခန့်မှန်းထားပါတယ်။
အဲဒီလေပွေလှိုင်းအခြေအနေကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံခြင်းတွေဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံအပေါ်မှာတော့ ကော့သောင်းမြို့မှာ ဒီဇင်ဘာ ၅ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ ရာခိုင်နှုန်း ၆၀ ကနေ ၉၀ အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၀ ဒသမ ၆ လက်မခန့်သာ မိုးအနည်းငယ်ရွာသွန်းနိုင်မယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
နောက် ၄ ရက်အတွင်း ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတွေကလွဲလို့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ညအပူချိန် သိသိသာသာကျဆင်းပြီး အအေးပိုလာနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ကချင်ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်တွေဟာ ၁၅ ဒီဂရီဆဲလ်ဆီးယက်အောက်နဲ့ ၁၀ ဒီဂရီဆဲလ်ဆီးယက်အောက်အထိ ကျဆင်းနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
Source – စစ်ကောင်စီမိုးဇလ