တောင်ကုတ်ကို စစ်ကောင်စီဗုံးထပ်ကြဲလို့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

Author သုတ
Categories
Published on Oct 04, 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ဦးပိုင်းမှာ ဗုံးကြဲလို့ ဒေသခံနေအိမ်တွေပေါ်ကျပြီး ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လေးဦး သေဆုံးတဲ့အပြင် ငါးဦး ဒဏ်ရာရရှိတယ်လို့ အဲဒီမြို့ခံတွေဆီကနေ သိရပါတယ်။

 

ဒီကနေ့ အောက်တိုဘာလ ၄ ရက် မနက် ၂ နာရီခန့်မှာ တောင်ကုတ်မြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ ကင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ကင်းတောင်ရွာကို ကြဲတာ လူလေးယောက်သေတယ်။ အဲဒီရွာက စာသင်ကျောင်းနဲ့ မီးသတ်ကင်းရုံနားတဝိုက်ကို လာကြဲတာ။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေသေတာပါ။ တိုက်ပွဲမရှိဘဲ ညက ကြဲတာ။ လူအိပ်ချိန် ည ၂ နာရီလောက်မှာ လာကြဲတာ” လို့ ၎င်းက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြကြည်(၇၄)နှစ်၊ ဒေါ်မြရီ (၅၆)နှစ်နဲ့ နောက်ထပ် ကလေးငယ်တစ်ဦး(အမည်မသိ)တို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဒဏ်ရာရသူတွေထဲ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးစိုးထိုက်(၄၈)နှစ်၊ ဒေါ်မတင်ရွှေ(၈၉) နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂) နှစ်၊ မောင်ပြည်သိမ်းစံ(၂၃)နှစ်(ကျောင်းသား)နဲ့ မောင်ဇင်လင်းထက်(၁၁)နှစ်(ကျောင်းသား)တို့ဖြစ်ပြီး ၎င်းတို့ဟာ တစ်အိမ်တည်းနေထိုင်သူတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီရဲ့ ကင်းတောင်ရွာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ် ကိုးလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တောင်ကုတ်မှာ တောက်လျှောက်ဗုံးကြဲနေတာက ဘယ်လိုမှရတက်မအေးဘူး” လို့ တောင်ကုတ်မြို့ခံလည်းဖြစ်တဲ့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ တောင်ကုတ်မြို့ရဲ့ နေရာအနှံ့ကို အလှည့်ကျဗုံးကြဲတိုက်ခိုက်နေတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စစ်တပ်က တောင်ကုတ်ပတ်ပတ်လည်ကို အလှည့်ကျ ဗုံးကြဲနေတာ။ ဆားပြင်၊ ပေါက်အင်း၊ ရွာမ၊ ခေါင်းလောင်းတူနဲ့ ကင်းတောင်စံပြရွာတွေကို တစ်လကို သုံးကြိမ်လောက် အဲဒီရွာတွေကို ပတ်ကြဲနေတာ” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း ခေါင်းလောင်းတူရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

စစ်ရေးတင်းမာနေတဲ့ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့  ဩဂုတ်လ(၁)ရက်နေ့မှာ စစ်ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က တောင်ကုတ်မြို့အတွင်း လုံခြုံရေးတင်းကျပ်ကာ ခံစစ်ပြင်ဆင်ထားပြီး ဗုံးကြဲမှုတွေမကြာခဏ ပြုလုပ်လာခဲ့ပါတယ်။

 

စစ်ကောင်စီတပ်ဟာ တောင်ကုတ်မြို့ရဲ့ ကျေးရွာအများစုကို ဩဂုတ်လ ၂၂ နဲ့ ၂၉ ရက်နေ့၊ စက်တင်ဘာလ ၁၆ နဲ့ ၂၄ ရက်နေ့၊ အောက်တိုဘာလ ၂ ရက်နေ့နဲ့ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့တို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ-ပေးပို့

 

ပုံစာ- စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရပြီးနောက် တောင်ကုတ်၊ ကင်းတောင်ရွာကို တွေ့မြင်ရစဉ်